ဗာတီကန်မှာ ခိုလှုံခွင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံမှာမဟုတ်ကြောင်း NLD ပြော

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.09.26
ဗာတီကန်မှာ ခိုလှုံခွင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံမှာမဟုတ်ကြောင်း NLD ပြော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Photo: Reuters

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်မှာ ခိုလှုံနေထိုင်ခွင့်ပေးမယ် ဆိုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံမယ်မထင်ဘူးလို့ NLD တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ပြည်သူနဲ့အတူပဲ ရှိမယ်လို့ ဆုံးဖြတ်ချက် ချထားပုံရပါတယ်။ သူဘယ်တော့မှ စွန့်ပြီးတော့သွားတာတော့ မရှိခဲ့ဖူးပါဘူးခင်ဗျာ”

အခုလို စိတ်ကောင်းစေတနာကောင်းနဲ့ ဖိတ်ခေါ်တဲ့အတွက် ပုပ်ရဟန်းမင်းကြီးကို ကျေးဇူးတင်သလို ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားတဲ့အတွက်လည်း ဂုဏ်ယူတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံမယ်မထင်ဘူးလို့ ပြောပါတယ်။

“ကျွန်တော် သိသလောက် ၁၉၉၀ ပြည့်နှစ်တွေမှာရော၊ ၂၀၀၀ ပြည့်နှစ်တွေမှာရော သူဖမ်းခံထားရတဲ့အချိန်ကာလ တွေမှာ အဲ့လိုပဲ သူနိုင်ငံခြားကနေ ထွက်သွားမယ်ဆိုလို့ရှိရင် ခွင့်ပြုမယ်လို့ သူ့ကို ကမ်းလှမ်းမှုမျိုးမှာ စစ်ကောင်စီက လုပ်ခဲ့တယ်။ အရင်တုန်းက။ အလားတူပဲ ‌ဒေါက်တာမိုက်ကယ် ရှိတုန်းက ဒေါက်တာမိုက်ကယ်ကို ပြန်ခေါ်သွားပါလို့ ပြောတဲ့ ပုံစံလည်း ပြောဖူးပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူနဲ့အတူပဲ ရှိမယ်လို့ ဆုံးဖြတ်ချက် ချထားပုံရပါတယ်။ သူဘယ်တော့မှ စွန့်ပြီးတော့သွားတာတော့ မရှိခဲ့ဖူးပါဘူးခင်ဗျာ”

NLD ပါတီအနေနဲ့ ‌အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်မရသလို၊ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း ထူးခြားတဲ့တုံ့ပြန်မှု ရှိမှာ မဟုတ်ဘူးလို့ ဦးဘိုဘိုဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်သွယ်ရဖို့ဆိုတာ အခုချိန်က မလွယ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား‌တွေအားလုံး လွတ်မြောက်ရေးအတွက်ကို ကျွန်တော်တို့ သံတမန်ရေးရာ လုပ်နိုင်သမျှအားလုံး နိုင်ငံရေးအရ လုပ်နိုင်သမျှအားလုံးကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်”

"နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်" ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ကမ်းလှမ်းချက်ကို လုံးဝ လက်ခံစဉ်းစားမယ် မထင်ဘူးလို့
RFA ကိုပြောပါတယ်။

“ကျွန်တော်ရဲ့မှတ်ချက်စကားကတော့ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကူးတောင်မှ ယဥ်မှ ာမဟုတ်ဘူးလို့တော့ ကျွန်တော်ကတော့ မှတ်ချက်ပြုချင်တယ်။ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်က ခိုင်မာတယ်။ ပြည်သူလူထုပေါ် ထားတဲ့ သဘောထားပေါနော်။ နောက်တစ်ခုကတော့ သူ့ဘဝတစ်ခုလုံးကို သူက ယုံကြည်တဲ့လမ်းကို သူလျှောက်ခဲ့တယ်။ သူရွေးချယ်တဲ့လမ်းကို သူက အဆုံးထိ လျှောက်မယ်လို့ ကျွန်တော်နော်တို့လည်း အလေးအနက် ယုံကြည်တယ်။ သူ့ရဲ့ တစ်ဘဝလုံးက နိုင်ငံရေးအကျဥ်းသားအဖြစ်နဲ့ သူ နှစ်ပေါင်းမြောက်များစွာနဲ့ နေခဲ့ရတယ်”

ပုပ်ရဟန်းမင်းကြီးရဲ့ ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည် ကြားသိရရင် ကျေးဇူးတင်စကား ပြောနိုင်ပေမယ့် သူ့အနေနဲ့ တိုင်းပြည်အပေါ် ပေးဆပ်ထားတဲ့ အရာတွေကို စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ၁၂ ရက်ကြာ အရှေ့တောင်အာရှခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုခဲ့တယ်ဆိုပြီး ရောမမြို့အခြေစိုက် ဘရင်ဂျီ ဘုန်းတော်ကြီးတစ်ပါးက စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် Corriere della Sera နေ့စဥ်သတင်းစာမှာ ဖော်ပြခဲ့တာပါ။ “မြန်မာနိုင်ငံ အနာဂတ်ဟာ အားလုံးရဲ့ ရပိုင်ခွင့်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာ လေးစားမှု၊ အများအတွက် အကျိုးပြုစေတဲ့ ဒီမိုကရေစီနည်းကျတဲ့အမိန့်တွေကိုလေးစားမှုအပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်ရမယ်”လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာခိုလှုံခွင့် ပုပ်ရဟန်းမင်းကြီး အဆိုပြု

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဖို့ တောင်းဆိုချက်အတွက် ပုပ်ရဟန်းမင်းကြီးကို ကျေးဇူးတင်ကြောင်း ကင်အဲရစ်ပြော

ဒေါ်အောင်ဆန်းစုကြည် ဘယ်‌ရောက်နေလဲ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ကလည်း သူ့မိခင်ကို ပြန်လွှတ်ပေးဖို့၊ ဗာတီကန်မှာ သားအမိ တွေ့ဆုံခွင့်ပြုဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ တောင်းဆိုချက်အပေါ် ကျေးဇူးတင်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့က RFA ကို ပြောပါတယ်။ ဒါပေမယ့် သူ့မိခင်ဟာ မြန်မာပြည်သူတွေအပေါ် သြဇာကြီးမားတာကို စစ်ခေါင်းဆောင်တွေဘက်က စိုးရိမ်ကြောက်ရွံ့တဲ့အတွက် ဒီတောင်းဆိုချက်ကို လက်ခံစဉ်းစားမှာမဟုတ်ဘူး လို့လည်း ကင်အဲရစ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကျဥ်းကျခံနေရတဲ့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှု နဲ့ ရင်ဆိုင်နေရပြီး စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။

စစ်အာဏာရှင်အဆက်ဆက် လက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကနေ ထွက်ခွာဖို့ နည်းလမ်းမျိုးစုံသုံးပြီး တွန်းအားပေးခဲ့ဖူးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်း နဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။