ပြည်တွင်း၊ ပြည်ပလူမှုရေးအဖွဲ့တွေ မုန်တိုင်းသင့်ရခိုင်ကို သွားလာခွင့်ပိတ်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.06.08
ပြည်တွင်း၊ ပြည်ပလူမှုရေးအဖွဲ့တွေ မုန်တိုင်းသင့်ရခိုင်ကို သွားလာခွင့်ပိတ် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံများအား မိုခါမုန်တိုင်းတိုက်ခတ်အပြီး အပျက်အစီးများကြားတွင် ၂ဝ၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် သိန်းနဲ့ချီတဲ့လူတွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့အချိန်မှာပဲ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးတွေ လုပ်မယ့် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေကို သွားရောက်ကူညီခွင့် ပိတ်ပင်လိုက်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ဇွန်လ ၇ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဇွန်လ ၈ ရက်နေ့စွဲနဲ့ လက်မှတ်ထိုးပြီးထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာအဖွဲ့တွေ သွားရောက်ကူညီခွင့် ပိတ်လိုက်တယ်ဆိုတာ မှန်ပါတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ကို အသိပေးတယ်ပေါ့၊ ရေးထားကြသလိုပဲ ကျွန်တော်တို့တွေကို မနေ့က ခွင့်ပြုထားတဲ့ဟာတွေကို သွားခွင့်လာခွင့် အားလုံး အဖွဲ့အစည်းအားလုံးကို ပြန်လည်ရုပ်သိမ်းကြောင်းဆိုတဲ့ဟာမျိုးပေါ့။ မနေ့ကပဲ ခွင့်ပြုတယ်လို့ အမိန့်ထွက်တယ်။ ဒီနေ့ပဲ ပြန်လည်ရုပ်သိမ်းတယ်ဆိုတဲ့စာ နောက်တစ်စောင် ရောက်တယ်။ နောက်ဆက်တွဲ ဘာကြောင့်ပိတ်တယ်ဆိုတာမျိုးတော့ မသိရသလို အချိန်ဘယ်လောက်ကြာကြာ ပိတ်မယ်ဆိုတာ မသိရသေးပါဘူး "

အခုလို ပိတ်ပင်တာဟာ ပြည်ထောင်စုအဆင့် နေပြည်တော်ကနေ ပိတ်ပင်လိုက်တာလို့ သိရကြောင်းလည်း သူကပြောပါတယ်။

မုန်တိုင်းဘေးကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့ အချိန်မှာ အခုလို နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီထောက်ပံ့ခွင့်ကို ပိတ်ပင်တာဟာ မလုပ်သင့်တဲ့အလုပ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်လူမှုကယ်ဆယ်အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ပထမအချက်က ရိက္ခာလိုတယ်၊ ဒုတိယအချက်က ရခိုင်မှာ မိုးရွာနေပြီ အမိုးအကာ လုံခြုံရေးကအရေးကြီးတယ်၊ ဒီလိုအခြေအနေမျိုးမှာ သွားရောက်ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့တွေကို ပိတ်ပင်တယ်ဆိုရင်တော့ ဗူးလေးရာ ဖရုံဆင့်သလိုပေါ့၊ ရခိုင်ပြည်သူ့တွေဟာ ဒုက္ခနှစ်ထပ်ကွမ်း ခံစားရသလို ဖြစ်သွားမယ်။ ဒါက မလုပ်သင့်တဲ့အရာလိုလည်း ပြောချင်တာပေါ့"

အခုလို ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်သူတွေ၊ ရခိုင်လူမှုအသိုင်းအဝိုင်းက စစ်ကောင်စီအပေါ် အမြင်မကြည်တာတွေ၊ မုန်းတီးတာတွေ ပိုဖြစ်လာနိုင်ပြီး ပိတ်ပင်တာကို အမြန်ဆုံး ပြန်လည်ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေကို ကူညီပေးတဲ့ နိုင်ငံတကာအဖွဲ့တွေကို ပိတ်တာဟာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ဒုက္ခပေးသလိုဖြစ်နေတယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

"ပြည်တွင်းပြည်ပအကူအညီ အများကြီးလိုနေတဲ့အချိန်၊ မျှော်လည်းမျှော်လင့်နေတဲ့ အချိန်အခါမျိုးမှာ ဒီလိုပိတ်လိုက်တယ်ဆိုတာတော့ စဉ်းစားလို့တော့ မရဘူး။ ဒီကိစ္စက နိုင်ငံရေးနဲ့မဆိုင်ဘူး။ စစ်ရေးနဲ့လည်းမဆိုင်ဘူး၊ အဲဒီလို ကူညီပေးမယ်သူကိုလည်း ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်၊ အခုဟာက ပြောင်းပြန်ဖြစ်သွားတာက အံ့ဩတယ်။ နားလည်း မလည်နိုင်ဘူး၊ အဲဒီလိုလုပ်တာက ကိုယ်ချင်းမစာ လုပ်ရာကျတယ်။ ကိုယ်ပြည်သူတွေကို ဒုက္ခပေးရာရောက်တယ်လို့ မြင်ပါတယ်"

ytd-water-7.jpeg
ရသေ့တောင်မြို့၊ ပြည်တော်သာကန်နှင့် မိုးရေဝင်ထားသည့်ကန်အချို့တွင် ညနေပိုင်း ရေခပ်ဆင်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ်။ (Photo: RFA)

လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်ဖို့အတွက် အပစ်အခတ်ရပ်စဲထားတဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီကြား အခုလို ရခိုင်ပြည်သူတွေကို အကူညီပေးတဲ့အဖွဲ့တွေကို ပိတ်ပင်တာကြောင့် တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဦးဖေသန်းကပြောပါတယ်။

အခုလို ပိတ်ပင်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ မြေပုံမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ရိုဟင်ဂျာ စုစုပေါင်း ၁၄၈ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီက မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်ကို ကြုံခဲ့ရတဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးမြို့နယ်တွေမှာ နေအိမ်အများအပြား ပျက်စီးသွားသလို စားဝတ်နေရေးနဲ့ သောက်သုံးရေခက်ခဲနေတာကြောင့် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။