နိုင်ငံတကာယုံကြည်မှု ဘယ်လောက် တည်ဆောက်နိုင်မလဲ


2016.12.18

ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီ တဝိုက်မှာ ပေါ်ပေါက်နေတဲ့ ဝေဖန်မှုတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ထုတ်ပြန်ချက်တွေ အပေါ် ယုံကြည်သူနဲ့ လက်မခံနိုင်သူတွေ ရောနှောနေစဉ်အတွင်းမှာပဲ ဝါရှင်တန်ဒီစီမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အခမ်းအနား ၂ ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်တိုက်ကျင်းပခဲ့ပါတယ်။

ပထမပွဲကတော့ ဂျော့ဝါရှင်တန် တက္ကသိုလ်မှာ ၁၂ ရက်နေ့က ကျင်းပတဲ့ " မြန်မာနိုင်ငံသစ်" ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းရဲ့ ဟောပြောပွဲဖြစ်ပြီး ဒုတိယပွဲကတော့ USCIRF (U.S. Commission on International Religious Freedom) ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု ဆိုင်ရာ ကော်မရှင်က ၁၃ ရက်နေ့ ကျင်းပတဲ့ မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီး လူနည်းစုတွေဖိနှိပ်ခံနေရကြောင်း အစီရင်ခံစာ ၂ စောင် ထုတ်ပြန်ပွဲဖြစ်ပါတယ်။

ပထမပွဲမှာ သံအမတ်ကြီးက လတ်တလောမှာ မောင်တောဒေသကို လူသားချင်းစာနာမှု အကူညီတွေ ပေးခွင့်ပြုနေ ပါပြီ။ သတင်းမီဒီယာတွေလည်း မကြာခင်သွားခွင့်ရမှာပါ။ မြန်မာပြည်ရဲ့အခြေအနေကို နိုင်ငံတကာအနေနဲ့ အမှန်အတိုင်း နားလည်အောင်ကြိုးစားကြပါလို့ ပြောပါတယ်။

နောက်တစ်နေ့ ကျင်းပတဲ့ အခမ်းအနားမှာတော့ USCIRF အကြီးတန်း မူဝါဒရေးရာ သုတေသနမှူး Tina Mufford တီနာ မတ်ဖို့ က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာကို မြန်မာ အစိုးရက ထိထိရောက်ရောက် အရေးယူဖို့လိုနေကြောင်း၊ ဒီကိစ္စကို အာဆီယံကလည်း ဖြေရှင်းဖို့လိုကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ကို ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးက ဦးဆောင်နေတာကို လက်မခံနိုင်ကြောင်း စသဖြင့်ပြောပါတယ်။

အဲဒီ အခမ်းအနား ၂ ခုလုံးကိုလာရောက်ခဲ့တဲ့ မြန်မာ့အရေးစိတ်ဝင်စားသူ ပုဂ္ဂိုလ် ၂ ဦးကို ကျနော် တီးခေါက်မေးမြန်းခဲ့ပါတယ်။

CSR Strategy Group လို့ခေါ်တဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှုရှိရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ ဥက္ကဌ Simon Billenness ဆိုင်မွန် ဘီလင်းနက်စ် က ရခိုင်ပြည်နယ်ပြဿနာကြောင့် မြန်မာအစိုးရနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ပါတယ်။ အဲဒီ ဒေသကိုနိုင်ငံတကာ သွားခွင့်မပြုတာဟာ မြန်မာစစ်တပ်က လူသိမခံချင်တာတွေ အများကြီးလုပ်ထားတယ်ဆိုတာ ထင်ရှားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာပြည်ဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် ၁၉၉၉ ကနေ ၂ဝဝ၂ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ Priscilla Clap ပရစ်စီလာ ကလက်ပ်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အသေအချာ မသိပဲနဲ့ ပြောနေကြတာကို ငါလုံးဝ မယုံဘူးလို့ပြောပါတယ်။

ပကတိဖြစ်နေတဲ့ အခြေအနေကို သူတို့ မသိပါဘူး။ ဒေသခံ ဘာသာစကားကိုလည်း သူတို့နားမလည်ဘူး။ လူတွေက သတင်းတွေကို ဇတ်လမ်းဖွဲ့ ချဲ့ကားပြီး ဒီလိုပဲကောလဟလတွေ ပြောတတ်တာပဲ၊ အဲဒီလို တဆင့်စကားတွေယုံပြီး ပြောနေကြတော့ အခြေအနေတွေက ပိုဆိုးကုန်ရောလို့ ပြောပါတယ်။

ကျနော့်ကို ပရစ်စီလာက နင် ဒူချီရာတန်းအဖြစ်အပျက်ကို မှတ်မိတယ်မဟုတ်လား။ အမေရိကန် ကျွမ်းကျင်သူတစ်ယောက်ကို ကွင်းဆင်းပြီး တကယ်ဖြစ်ခဲ့တာတွေကို အသေအချာ စုံစမ်းခိုင်းခဲ့တယ်။ နှစ်ဆင့် သုံးဆင့် လေးဆင့်ကြားခဲ့တယ်ဆိုတဲ့လူတွေက လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ဖြစ်ခဲ့တယ် ပြောတယ်။ တကယ့်မျက်မြင်ရှိခဲ့သူက အဲဒီလိုမပြောဘူး။ ချဲ့ကားတာတွေကို အဲဒီကိစ္စမှာ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ပြသနာဖြစ်ပွားရာဒေသကို နိုင်ငံတကာစုံစမ်းသူတွေ မီဒီယာတွေ လွတ်လပ်စွာသွားရောက် စုံစမ်းခွင့်မရသေးတဲ့ အချက်ဟာ ရခိုင်ပြည်နယ်ပြဿနာကို မီးလောင်ရာလေပင့်ဖြစ်နေပါတယ် ခင်ဗျာ။

ကမ္ဘာ့မီဒီယာတွေမှာ မြန်မာအစိုးရပြောဆိုချက်တွေကို ထောက်ခံရေးသားမှုထက် လူ့ခွင့်ရေး ချိုးဖေါက်မှုတွေ အကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကပဲ မင်းမူနေပါတယ်။ ကျနော်တို့ သတင်းဌာနတွေရဲ့ တာဝန်က ရောက်ရှိလာတဲ့ သတင်းတွေကို တင်ပြရတာပါ။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇိုင် ရာ့ဒ် အယ်လ် ဟူစိန်က မြန်မာ အစိုးရမှာ ဖုံးကွယ်ထားတာ ဘာမှမရှိဘူးဆိုရင် အဲဒီဒေသကို သွားခွင့်ပြုဖို့် ဘာကြောင့် တွန့်ဆုတ်နေရတာလဲလို့ မနေ့ကတင် မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာအစိုးရပြောခွင့်ရသူကတော့ သတင်းထောက်တွေကို ဒီရက်ပိုင်းအတွင်း မောင်တောဒေသ ပို့ပေးမယ်လို့ ၁၆ ရက်နေ့က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို အစိုးရအစီအစဉ်နဲ့သွားရတဲ့ ခရီးစဉ်တွေကနေ အဖြစ်မှန်တွေ ဘယ်လောက်သိနိုင်မှာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။

မြန်မာ စစ်အစိုးရအဆက်ဆက် အဖြစ်အပျက်မှန်တွေ ဖုံးကွယ်ခဲ့တာကို ကမ္ဘာက မမေ့ကြပါဘူး။ အခုထိလည်း တပ်မတော်က ကြိုးကိုင်ထားတယ်ဆိုပြီး အစိုးရအပေါ်နိုင်ငံတကာရဲ့ယုံကြည်မှုက ပျက်နေဆဲပါပဲ။ ပရစ်စီလာက အဲဒီအချက်ဟာ အတော်ဝမ်းနည်းစရာပဲလို့ ပြောပါတယ်။

မြန်မာအစိုးရပြောတာတွေကို လူတွေက မယုံကြည်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအလယ်မှာ မြန်မာ အစိုးရရဲ့ ဂုဏ်သိက္ခာက အကြီးအကျယ်ကျဆင်းခဲ့လို့ပဲလို့ သူကပြောပါတယ်။

စစ်အစိုးရဆိုးမွေကို ဆက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို နိုင်ငံတကာမျက်နာစာမှာ ကျဆင်းခဲ့ ရတဲ့ မြန်မာ့ပုံရိပ်ကို မနက်ဖြန် ကျင်းပမယ့် အာဆီယံဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ဘယ်လောက်မြှင့်တင်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။