အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ဖို့ တပ်နဲ့မြောက်ပိုင်းသုံးဖွဲ့ကို တောင်းဆို


2019.11.17
tnla-mndaa-aa-622.jpg မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

ရှမ်းပြည်နယ် မြောက်ပိုင်းက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အရပ်ဖက် အဖွဲ့အစည်း ၅၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လားရှိုးနဲ့ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်း သုံးဖွဲ့ တိုက်ပွဲဖြစ်နေတာကြောင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နဲ့ အများပြည်သူသွားလာရာ လမ်းနဲ့ ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ မြေမြှုပ်မိုင်းပေါက်ကွဲတာတွေ ရှိနေပါတယ်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျေးရွာတွေက သွားလာလို့ မရလောက်အောင်ထိ အခက်အခဲတွေ့နေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောခွင့်ရသူ ဦးဟောင်းဒေါင်း က ပြောပါတယ်။

“ပြည်ထောင်စုလမ်းမ ဘေးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေက သွားလာရတာ ကြန့်ကြာနှောင့်နှေးတာတွေ ကားပိတ်တာတွေ ရှိနေတယ်။ နောက်ပြီး ပြည်ထောင်စု လမ်းမဘေးက ကျေးရွာတွေကတော့ ဘယ်မှသွားလို့လာလို့ မရတဲ့အနေအထားမှာ ရှိနေပါတယ်”

တိုက်ပွဲတွေဟာ မနေ့ကအထိ လားရှိုး၊ ကျောက်မဲမြို့နယ်တွေမှာ ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ်ထဲက ကွန်ကော်၊ တော့ဖယ်ကျေးရွာတွေက ဒေသခံ ၃၀၀ လောက် ထွက်ပြေးနေရပါတယ်။ လမ်းမှာပိတ်မိနေတာကြောင့် ကျောက်မဲမြို့ပေါ်ကို ဒီနေ့အထိ ရောက်မလာနိုင်သေးဘူးလို့ အဖြူရောင်တွဲလက်များ ပရဟိတ လူငယ်အဖွဲ့က ကိုဝင်းဇေယျာထွန်းက ပြောပါတယ်။

အဲဒီစစ်ရှောင်တွေ ပိတ်မိနေတဲ့အခြေအနေကို ကိုဝင်းဇေယျာထွန်း ပြောပြတာက ----

“ဒုက္ခသည်တွေကတော့ မရောက်သေးဘူး၊ သူတို့ တိုက်ပွဲဖြစ်တဲ့ ဘေးနားကရွာ ခုံမင်းကျေးရွာမှာတော့ ၃၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ ဒီဘက်ကို မဆင်းလာနိုင်ဘူးပေါ့၊ လမ်းတွေ ပိတ်ထားလို့။ လာရင် အခုဖြစ်နေတဲ့ မိုင်းမော့ဘက်ကလည်း လာလို့ရတယ်။ နှစ်လမ်းပေါ့ နောက်ထပ်တစ်လမ်းကတော့ မိုင်းထောင်ထားတယ်လို့ ကြားတယ်”

အဲဒီကျေးရွာတွေကနေ ကျောက်မဲမြို့ကို ရောက်ဖို့ဆိုရင် ကျေးရွာလမ်းတွေကိုသာ အသုံးပြုရတာဖြစ်ပြီး  နှစ်ဖက်တပ်တွေ ထောင်ထားတဲ့ မိုင်းအန္တရာယ်ကိုလည်း ကြောက်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က လားရှိုးမြို့တွင်းကို ရှော့တိုက်ဒုံးလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုမှာ အရပ်သား နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် မြို့ပြနေ ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေအထိ ဖြစ်လာကြောင်း အရပ်ဖက်အဖွဲ့ ၅၀ ကျော်ရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

အဲဒီလို ဆောင်ရွက်ချက်တွေဟာ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်ရာ ရောက်ကြောင်းလည်း ထောက်ပြထားပါတယ်။

မနေ့က လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဟာ TNLA အဖွဲ့ လက်ချက်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ TNLA ကတော့ ဘယ်အဖွဲ့က ပစ်မှန်းမသိကြောင်း မနေ့က RFA ကို ဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်း သုံးဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေမှာ ထပ်မံပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲ ရပ်တန့်ထားပြီး လပိုင်းအကြာမှာပဲ အခုလို တိုက်ပွဲ ပြန်ပြင်းထန်လာတာပါ။

အရပ်ဖက်အဖွဲ့တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။  

အောက်တိုဘာလကနေ နိုဝင်ဘာလ ၁၆  မနေ့ကအထိ အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ငါးဦးရှိကြောင်းလည်း အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဘေးရှောင် တစ်သောင်းခွဲ ရှိနေပြီဖြစ်ပြီး တိုက်ပွဲဆက်ပြင်းထန်လာမှာကို ဒုက္ခသည်အရေး ကူညီနေသူတွေက စိုးရိမ်နေကြပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။