အကြမ်းဖက်မှုအတွက် Facebook လျော်ကြေးပေးဖို့ အိုင်ယာလန်တရားရုံးမှာ တရားစွဲ

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။ (AFP)

မြန်မာနိုင်ငံမှာလူသုံးများတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ဟာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ အားပေးကူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေ့စ်ဘွတ်ကို ထိန်းချုပ်တဲ့ Meta ကုမ္ပဏီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ တရားစွဲဆိုမှု အနည်းဆုံး ၁၇ ခုနဲ့ ရင်ဆိုင်နေရပြီလို့ အိုင်ယာလန်နိုင်ငံ အခြေစိုက် Business Post သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

ဒီအမှု ၁၇ မှုကို ဒပ်ဘလင်မြို့ အခြေစိုက် ဥပဒေလုပ်ငန်းနှစ်ခုဖြစ်တဲ့ KOD Lyons နဲ့ Abby Law တို့က ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က အိုင်ယာလန် တရားရုံးချုပ်မှာ စွဲဆိုခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။

ဖေ့စ်ဘွတ်ရဲ့ အကြောင်းအရာတွေ စိစစ်ကြပ်မတ်မှုအပိုင်းကို တာဝန်ယူလုပ်ဆောင်တဲ့ ဌာနက အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့မှာ တည်ရှိတဲ့အတွက် အခုလို အိုင်ယာလန်နိုင်ငံမှာ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Meta ကုမ္ပဏီဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို အမြတ်အစွန်းရဖို့ကို အဓိကထားတဲ့ algorithms နဲ့ လည်ပတ်စေခဲ့တာကြောင့် ရိုဟင်ဂျာတွေအပေါ်မှာ ရှိနှင့်ပြီး အမုန်းတရားတွေကို ပိုပြီးပျံ့နှံ့စေခဲ့ပြီး၊ အုပ်စုလိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာဖို့ တွန်းအားပေးခဲ့တဲ့အကြောင်း၊ နောက်ဆုံးမှာ ရိုဟင်ဂျာတွေ လူမျိုးစုအလိုက် မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ အဖြစ်ကို ရောက်ခဲ့ရတာ ဖြစ်တယ်လို့ Amnesty International အဖွဲ့ရဲ့ သြဂုတ်လ ၂၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ရှင်းလင်းရေး စစ်ဆင်ရေး လုပ်ခဲ့စဉ်က ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ နဲ့ ဝါဒဖြန့်ချိမှုတွေကို ပိုပြီးပျံ့နှံ့အောင် ဖြန့်ချိပေးခဲ့တဲ့အတွက် ဖေ့စ်ဘွတ်မှာ တာဝန်ရှိတဲ့အကြောင်း ယူကေနိုင်ငံ အခြေစိုက် မြန်မာ-ရိုဟင်ဂျာ အသင်း (ယူကေ) ရဲ့ ဥက္ကဋ္ဌဦးထွန်းခင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းက ကိုခင်မောင်ကလည်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုမှာ ပါဝင်မှုအတွက် တာဝန်ရှိတဲ့ ဖေ့စ်ဘွတ်ကို တရားစွဲဆိုမှုကနေ တရားမျှတမှု ရလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လှေစီး ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။ ( Photo : Reuters)
FILE PHOTO: Rohingya refugees sit on a makeshift boat as they get interrogated by the Border Guard Bangladesh after crossing the Bangladesh-Myanmar border, at Shah Porir Dwip near Cox's Bazar ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လှေစီး ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။ ( Photo : Reuters) (Navesh Chitrakar/REUTERS)

ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ဆိုရင် ဖေ့စ်ဘွတ်နဲ့ Meta ကုမ္ပဏီ အနေနဲ့ ထိခိုက်လွယ်တဲ့ အကြောင်းအရာတွေကို ကြပ်မတ်စိစစ်ဖို့ မြန်မာနိုင်ငံအကြောင်း ကောင်းကောင်း နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို တိုးချဲ့ခန့်ထားဖို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုဘဝ အခြေအနေ ပိုကောင်းလာဖို့ ထောက်ပံ့ကူညီဖို့ လုပ်သင့်တယ်လို့ ဦးထွန်းခင်က တောင်းဆိုပါတယ်။

အခုအပတ်အတွင်းမှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ အဖြစ်အပျက် ခြောက်နှစ်ပြည့်တဲ့နေ့မှာပဲ ဥရောပသမဂ္ဂ ရဲ့ Digital Services Act ဆိုတဲ့ ဥပဒေ စတင်ပြီး အသက်ဝင်လာခဲ့ပါတယ်။ ဒီဥပဒေအရ Meta၊ Google နဲ့ TikTok လို နည်းပညာ ကုမ္ပဏီတွေဟာ အသုံးပြုသူတွေ လွှင့်တင်တဲ့ အကြောင်းအရာတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စိစစ်ဖို့ တာဝန်ရှိမှာ ဖြစ်ပါတယ်။

အခုလို ဥရောပသမဂ္ဂ (အီးယူ) ဟာ ပိုမိုတင်းကျပ်တဲ့ (DSA) ဥပဒေနဲ့ လူမှုကွန်ရက် နည်းပညာကုမ္ပဏီတွေရဲ့ တာဝန်ရှိမှုကို စိစစ်ကြပ်မတ် လာတဲ့နောက်၊ အီးယူ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ အိုင်ယာလန်နိုင်ငံမှာ တရားရေးရင်ဆိုင်မှုတွေ အများဆုံး ကြုံလာရနိုင်တယ်လို့ Amnesty International အဖွဲ့က ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။ (Photo : AFP)
၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။ (Photo : AFP)

ဥရောပ သမဂ္ဂရဲ့ DSA ဥပဒေဟာ ဒစ်ဂျစ်တယ်ခေတ်မှာ ရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ပိုပြီး ခိုင်မာအောင်ပြဋ္ဌာန်းလိုက်တဲ့ သမိုင်းဝင် ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကြောင့် အင်အားကြီး နည်းပညာလုပ်ငန်းတွေ အခြေစိုက်တဲ့ အိုင်ယာလန်အပါအဝင် အီးယူနိုင်ငံ အားလုံးဟာ နည်းပညာ လုပ်ငန်းတွေကြောင့် ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။

ဒီဥပဒေရဲ့ အကျိုးဆက်က အီးယူ နိုင်ငံတွေ အပြင်ဖက်အထိ ရိုက်ခတ်မှု ရှိပါလိမ့်မယ်လို့ Amnesty International အဖွဲ့ရဲ့ နည်းပညာဆိုင်ရာ တာဝန်ခံမှု ဌာန အကြီးအကဲ Pat de Brun က သြဂုတ်လ ၂၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

၂၀၂၀ ခုနှစ် သြဂုတ်လကတော့ ဖေ့စ်ဘွတ်ရဲ့ပြောရေးဆိုခွင့်ရှိသူက မိမိတို့အနေနဲ့ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်းနဲ့ ကုလသမဂ္ဂ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (IIMM) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောကြားခဲ့ပါတယ်။