လူမှုကူညီရေးအသင်းသားတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရမှု တိုးလာ
2024.10.22
မန္တလေး၊ စစ်ကိုင်းနဲ့ မွန်ပြည်နယ်မှာ ဒေသန္တရအလိုက်လုပ်နေကြတဲ့ လူမှုကူညီရေးအသင်းသားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတာ၊ အနည်းဆုံး နှစ်ဆယ်ကျော်ရှိနေပြီး၊ လက်သည်မပေါ်ဘဲ အသတ်ခံရတဲ့သူက အနည်းဆုံး လေးဦး ရှိနေပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီကဖမ်းထားတဲ့ လူမှုကူညီရေးအသင်းသား နှစ်ဆယ်လောက်ရှိနေပြီး အဲဒီအထဲက ရှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က သံဖြူဇရပ်မြို့က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းသားသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲထားတယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဥက္ကဋ္ဌရယ်၊ ယာဉ်မောင်းတစ်ယောက်ရယ်၊ ဘဏ္ဍာရေးမှူးရယ်။ တစ်ယောက်က ဆန်တစ်အိတ်နဲ့ ပိုက်ဆံငါးသောင်း။ တစ်ယောက်က ငါးခြောက် သုံးပိဿာနဲ့ ဆန်ခြောက်ပြည်နဲ့။ နောက်တစ်ယောက်ကကျတော့ ပိုက်ဆံ နှစ်သိန်းနဲ့။ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး အမှုဖွင့်ခံလိုက်ရတယ်"
ဇွန်လထဲမှာ ကျိုက်ထိုမြို့က ကော့စံနိုင် လူမှုကူညီရေးအသင်းသား လေးဦးနဲ့ ရေးမြို့နယ်က လမိုင်း လူငယ်ပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌအပါအဝင် အသင်းသား ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲထားပါတယ်။ မော်လမြိုင်၊ ရာမည၊ ဘီးလင်း၊ သထုံနဲ့ မုဒုံမြို့နယ်တွေမှာလည်း လူမှုကူညီရေးအသင်းသားတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေကြောင့် ကူညီရေးတွေရပ်ဆိုင်းထားရတဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့ လူနာတွေရှိတယ်လို့ လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။
"အခုဆို မွန်ပြည်နယ်ဘက်ကကားတွေ တော်ရုံ မထွက်ကြတော့ဘူး။ ဒီမှာ နယ်ဆေးရုံတွေမနိုင်တော့တဲ့ လူနာ၊ အခြေအနေမကောင်းတဲ့ လူနာတွေဆိုရင် ရန်ကုန်၊ မော်လမြိုင် ပို့ရတယ်။ အခုက အစစ်အဆေးတွေအရမ်းများတော့ လူနာဘယ်လောက်ပဲ အရေးကြီးကြီး သူတို့က မလွှတ်ဘူး"
စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိနေတဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာမှာ မိုးမေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းသားလေးဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းပြီး၊ အဆုံးစီရင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ အသက် ၆၀ ကျော်အရွယ် ဦးစိုးဝင်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းသွားပြီး စက်တင်ဘာလ ၂၅ ရက်နေ့က သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းသားတွေဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးကျော်ဝေ၊ အသက် ၅၀ ကျော်အရွယ် ဦးအောင်နိုင်နဲ့ နောက်ထပ် အသင်းသား တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပထမဆုံးက ဥက္ကဋ္ဌက အရင်ဆုံးဖမ်းပြီးတော့ အသတ်ခံရတယ်။ နောက်နေ့မှာပဲ ထပ်ပြီးတော့ အသင်း၀င် ဖြစ်တဲ့ ဦးလေးတစ်ယောက်နဲ့ ဦးလေးရဲ့ တူတစ်ယောက်ကို လာဖမ်းသွားတာ တစ်ချိန်တည်းပဲ။ သတ်ပြီးပစ်တော့လည်း အမှိုက်ပုံမှာ တစ်နေရာတည်းမှာ ပစ်ထားခဲ့တာ။ အခုလက်ရှိက ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာလဲ မသိရဘူး"
ဒီအသင်းသားတွေကို ဘယ်အဖွဲ့က ဘာကြောင့်သတ်သွားတယ်ဆိုတာကို RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မေလ ပထမပတ်မှာလည်း စစ်ကိုင်းမြို့က သုခကာရီလူမှုကူညီရေးအသင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသင်းသား ခြောက်ဦးကို ဖမ်းသွားပါတယ်။
"အခုကကျတော့ ညဆိုရင် ဘယ်လောက်အရေးကြီးတဲ့ လူနာပဲဖြစ်ဖြစ် ဖြတ်ခွင့်မပေးတာတွေရှိတယ်၊ ကျပ်တည်းတာပေါ့။ အရင်လို လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး"
အခုလို အခြေအနေကြောင့် စိုးရိမ်စိတ်နဲ့ အလုပ်လုပ်နေရတယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေး သမားတစ်ဦးက ပြောပါတယ်။
"သွားရေးလာရေးကအစ ဘယ်လိုမှ လုံခြုံမှုသိပ်မရှိဘူး။ အရင်ကတော့ စိတ်လွတ်ကိုယ်လွတ်သွား။ လူနာပါလား၊ အကြောင်းအရာ မှန်ကန်တယ်ဆိုရင် အေးအေးဆေးဆေး သွားလာလုပ်ကိုင်လို့ရတယ်။ ညမောင်းမောင်း၊ နေ့မောင်းမောင်းပဲ။ အခုကကျတော့ ညဆိုရင် ဘယ်လောက်အရေးကြီးတဲ့ လူနာပဲဖြစ်ဖြစ် ဖြတ်ခွင့်မပေးတာတွေရှိတယ်၊ ကျပ်တည်းတာပေါ့။ အရင်လို လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး"
ဆက်နွှယ်သောသတင်းများ
ငါန်းဇွန်မှာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် လူလေးဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းက ဒုက္ခသည်အရေး ကူညီသူတွေ ဖမ်းဆီးခံနေရ
ရေးမြို့နယ်က ပရဟိတအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီး ကူညီမှုတွေ ရပ်ဆိုင်းထားရ
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကတော့ လူမှုကူညီရေး အသင်းသားတွေ အဖမ်းခံရတယ်ဆိုတာ သူမကြားသေးသလို၊ ကူညီရေးတွေကိုတားဆီးပိတ်ပင်တာလည်းမရှိဘူးလို့ ပြောပါတယ်။
"အဲဒါတော့ ကျွန်တော်တို့ မကြားသေးဘူး၊ ခရီးထွက်နေတော့။ ကျွန်တော်တို့ ညွှန်ကြားထားတာ မရှိပါဘူး။ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်နဲ့ လိုက်နာပြီး သွားနေတဲ့သူကတော့ ဘာမှ တားမြစ်စရာမရှိဘူး။ အကုန်လုံးက တရားဝင်မှတ်ပုံတင်ထားပြီးတော့ သွားနေကြတာပဲ။ ဘာမှ ညွှန်ကြားထားတာမရှိပါဘူး"
လူမှုကူညီရေးအသင်းသားတွေ ဖမ်းဆီးထောင်ချခံရတာ၊ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။