ရန်ကုန်မြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ် ရေးအဖွဲ့တွေက အမိန့်ထုတ်ထားပေမယ့် ရန်ကင်းမြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ ပြည်ပထွက်ဖို့ မနက် ၃ နာရီ ကတည်းက တန်းစီစောင့်ဆိုင်းနေကြသူတွေ ရှိပါတယ်။
အခုလို တန်းစီစောင့်ဆိုင်းသူတွေဟာ နေ့စဉ် လူတစ်ထောင်နီးပါး ရှိနေပြီး ဒါဟာ ယခင်ကထက် ပိုများလာတာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးမှာ နေ့စဉ်တန်းစီတဲ့သူတွေ များတာကြောင့် မနက် မိုးမလင်းခင်ကတည်းက တန်းစီပြီး စောင့်ဆိုင်းနေကြရတာလို့ နိုင်ငံကူးလက်မှတ်ရဖို့ ကြိုးစားနေတဲ့ ကိုဇေယျာက ပြောပါတယ်။
"ကျနော်တို့ မနက်ကို လေးနာရီကတည်းက ထတန်းစီရတယ်။ ဒါနဲ့ဆို ဒုတိယအကြိမ်ရှိပြီ။ ပြီးခဲ့တဲ့ ရက်က တန်းစီသေးတယ်။ အဲနေ့က မရဘူး၊ ကြားရက်က ကျနော် မအားလို့ အခုမှပြန်လာတာ။ လုပ်ကိုင်စားသောက်ဖို့က ဒီမှာရှိပြီးသားအလုပ်တွေတောင် မရှိတော့ဘူး ဖြစ်နေတယ်။ စားဝတ်နေရေး အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ရမှာပဲ "
ပြည်ကကိုထွက်ဖို့ ကြိုးစားနေတဲ့ ကိုပြည့်ဖြိုးကတော့ အာဏာမသိမ်းခင်က နိုင်ငံကူးလက်မှတ်ကို လွယ်လွယ် ကူကူ လုပ်နိုင်ခဲ့ပေမယ့် အခုအချိန်မှာ တန်းစီစောင့်ရတာတွေနဲ့ လူပြည့်သွားလို့ ပြန်လှည့်ခဲ့ရတာကြောင့် သုံးရက်လောက် အချိန်ပေးခဲ့ရတယ်လို့ပြောပါတယ်။
"နိုင်ငံကူးလက်မှတ် အခုလာလုပ်တာက ကျနော်မေးကြည့်လိုက်တာ အယောက် ၅၀ မှာ ၄၅ ယောက်က ပွဲစားတွေ ဖြစ်နေတယ်။ နိုင်ငံကူးလက်မှတ်က တကယ်တမ်းလုပ်ရင် သုံးသောင်းကျော်ကျော်ပဲကုန် တယ်။ ပွဲစားနဲ့ ငှားပြီးလုပ်မယ်ဆိုရင် ခုနစ်သောင်းခွဲ တောင်းတယ်။ ဒီလို မရှိတဲ့အချိန်မှာ ခုနစ်သောင်းခွဲ ကလည်း မဖြစ်နိုင်ဘူး။ နိုင်ငံကူးလက်မှတ်လုပ်တာ အရမ်းကြာတယ်။ အလုပ်လည်းပျက်တယ်။ သွားရလာရလည်း အရမ်းခက်ခဲတယ်။ ရန်ကုန်ကလည်း ဟိုနားဗုံးပေါက် ဒီနားဗုံးပေါက်နဲ့ဆိုရင် စစ်တာတွေရှိတော့ ၁ နာရီ ခရီးကို ၃ နာရီ သွားနေရတယ်ဆိုတော့ အရမ်းကို အဆင်မပြေဖြစ်တယ်"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အခုနှစ်အတွင်း မြန်မာ့စီးပွားရေး ကျဆင်းသွားကြောင်း စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်တွင်းကနေ တဖြည်းဖြည်း ထွက်ခွာသွားကြသလို သာမန်ပြည်သူတွေအတွက် အကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာကြရတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
"သူများနိုင်ငံမှာ ကျွန်ခံရပေမယ့် ဒီနိုင်ငံက စစ်အာဏာရှင်ထက် ပိုကောင်းမယ်လို့ထင်တယ်"
ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုနဲ့အတူ စီးပွားရေး ကျဆင်းသွားတာကြောင့် လစာတစ်ဝက်နဲ့ အလုပ်ဆက်လုပ်နေရသူတွေဟာလည်း ရပ်တည်ရေး ပိုမိုခက်ခဲလာတယ်လို့ ကိုဇေယျက ပြောပါတယ်။
"ကျနော်မြင်တာကတော့ ပြည်တွင်းမှာ တခြားနိုင်ငံက လာလုပ်တဲ့ အလုပ်တွေကလည်း ထွက်ကုန် တယ်။ ကျနော်လုပ်တဲ့ အလုပ်ဆိုရင်လည်း ကိုဗစ်ဖြစ်တုန်းကဆိုရင် လစာက တစ်ဝက်လျှော့ခံ ထားရတာ။ ကျနော် က ဂရပ်ဖစ်လုပ်တာပေါ့နော် အခုက အာဏာသိမ်းပြီး နောက်ပိုင်းက လုံးလုံးကြီးကို ဆိုင်က ကျနော်တို့သူဌေးက ပိတ်လိုက်ရတယ်။ အဲဒါကြောင့် ကျနော်က နိုင်ငံခြားသွားပြီး ဒီရုံးကို နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရောက်လာ တာပါ"
နိုင်ငံကူးလက်မှတ်ရဖို့ ကြိုးစားနေတဲ့ ကိုပြည့်ဖြိုးကလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေက အလုပ်အကိုင် အတွက် ပြည်ပကိုထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

"ပြည်တွင်းမှာ လုပ်စားဖို့ အဆင်မပြေတော့ဘူး ထင်တယ်။ ဒီမှာနေရင်လည်း သူတို့မျက်လုံးထဲမှာ လူငယ် တော်တော်များများကို PDF လို့ပဲ မြင်ကြတယ်။ အကုန်လုံးကို ဖမ်းပြီး မသတ်ရုံတမယ်ပဲ။ အဲဒါကြောင့် ဒီနိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံခြားသွားပြီး အလုပ်လုပ်တာ ပိုကောင်းမယ်ထင်တယ်။ သူများ နိုင်ငံမှာ ကျွန်ခံရပေမယ့် ဒီနိုင်ငံက စစ်အာဏာရှင်ထက် ပိုကောင်းမယ်လို့ ထင်တယ်”
၂၀၁၄ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော်မှာ အလုပ်လုပ်ကိုင်သူ ဦးရေ ၃၂ သန်းကျော် ရှိပါတယ်။
ကိုဗစ်ရောဂါရဲ့ စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေဟာ အလုပ်သမား ၆.၉ သန်း ကနေ ၇.၃ သန်းအထိရှိလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံ အလုပ်သမားတွေ အများစုလုပ်ကိုင်ကြတဲ့ ဆောက်လုပ်ရေး၊ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ၊ စက်ရုံအလုပ်ရုံကဏ္ဍ အတော်များများ ပိတ်သိမ်း ရပ်ဆိုင်းကုန်ကြတဲ့အတွက် အထွေထွေအခြေခံ အလုပ်ကဏ္ဍတွေမှာ အလုပ်သမား သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်သွားကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။