တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က မြန်မာနိုင်ငံ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ ရခိုင်ပြည်နယ်အရေးနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။
~~~~~~~~~~
အာရှရေးရာအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် လေ့လာသူတွေ ဘယ်လိုသုံးသပ်လဲ
(ကျော်သူ)
■ မြန်မာ့နိုင်ငံရေးကို အထူးဝင်ရောက်စွက်ဖက်လာတဲ့ တရုတ်နိုင်ငံအပေါ် အထူးအလေးထား ဆက်ဆံဖို့ဆိုပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တရုတ်အရေး လေ့လာသူတွေက သတိပေးပြောကြားကြပါတယ်။
အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တရုတ်နယ်စပ်မှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ KIA၊ MNDAA၊ TNLA နဲ့ AA တို့နဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင်တို့ကို တရုတ် နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံခွင့်ပေးခဲ့ပြီး ရက်ပိုင်းအကြာလေးမှာပဲ ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက် နေ့တွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီလို တေ့ွဆုံမှုတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တေ့ွဆုံရာမှာတော့ တပ်မတော်က ၂၀၂၀ ပြည့်မှာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတာကို တရုတ်နိုင်ငံက ထောက်ခံအားပေးကူညီမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီအပေါ်မှာ စာရေးဆရာ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။
"တရုတ်ကဝင်ပြီးတော့ စွက်ဖက်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အခြေအနေအပေါ်မှာ သဘောပေါက်မှု အရပဲဖြစ်ဖြစ် NCA လမ်းကြောင်းပေါ်မှာ အားလုံးလျှောက်လာနိုင်ရင်တော့ ကောင်းတယ်လို့ မျှော်လင့်ပါတယ်၊ ငြိမ်းချမ်းရေးရအောင် စစ်ရပ်စဲအောင် မလုပ်နိုင်တဲ့အတွက် တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု အတော်လေးနောက်ကျခဲ့တာ ရှည်ကြာနေပါပြီ၊ အဲဒီကြားထဲမှာ အခု အနောက်တောင်တံခါးကလည်း တော်တော်လေးကို ချစားနေပြီ၊ အဲဒီထဲမှာ ကျွန်တော်တို့ကလည်း တွယ်ရာမဲ့ဖြစ်နေပြီ၊ အနောက်တောင်တံခါးမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရော၊ အနောက်တိုင်းကရော၊ နောက် အစ္စလာမ်နိုင်ငံတွေ အားလုံးကရော နိုင်ငံရေးဖိအား၊ စီးပွားရေးဖိအား ဘက်စုံကကြိုးပမ်းနေတယ်၊ အဲဒီ အခြေအနေအောက်မှာ တရုတ်ရဲ့ပါဝင်စွက်ဖက်မှုကတော့ ကြီးလာတာ အတော်သဘာဝကျတဲ့ နိုင်ငံရေးညီမျှခြင်းတစ်ရပ်လို့ ကျွန်တော်က ယူဆပါတယ်၊ အမျိုးသားညီညွတ်ရေးကို တဆင့်တိုးပြီးတော့လုပ်မှ တိုင်းပြည်ဟာ ထူထူထောင်ထောင်ရှိမယ် ရေရှည်မှာ ရပ်တည်နိုင်မယ်လို့ ယူဆမယ်"
တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် တည်ငြိမ်အေးချမ်းဖို့အတွက်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆက်လက်ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်းက တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေအကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။
AA ဟာ KIA ရဲ့ လက်ခွဲတစ်ခုအနေနဲ့ တရုတ်ရဲ့ထောက်ပံ့မှုတွေကနေ အင်အားကြီးထွားလာတာဖြစ်ပြီး တရုတ်ရဲ့သြဇာ အထိုက်အလျောက်ရှိထားတဲ့ အဖွဲ့လည်းဖြစ်တယ်လို့ ယူဆကြပါတယ်။
လက်ရှိ အစိုးရသက်တမ်းကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တရုတ်ရဲ့စွက်ဖက်မှုတွေက အပေါ်ယံပိုင်းလောက်သာ စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ထိရောက်တဲ့အခြေအနေထိ ဖြစ်မလာသေးတာကို လေ့လာသူတွေက ထောက်ပြကြပါတယ်။
တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း၊ မြစ်ဆုံဆည် ပြန်လည်စတင်နိုင်ရေး၊ ကျောက်ဖြူရေနံနဲ့ ဂတ်စ်ပိုက်လိုင်းနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအစရှိသဖြင့် ရင်းနှီးမြှပ်နံှမှု လုပ်ငန်းတွေအပါအဝင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကတရုတ်နိုင်ငံရဲ့ အဓိကကျတဲ့မဟာဗျူဟာ စီမံကိန်းလုပ်ငန်းတွေ ဖြစ်ကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးပိုင်း အဆင်ပြေချောမွေ့စေရေးကလည်း တရုတ်ရဲ့ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကတော့---
"ကျွန်တော်တို့ဖက်ကလည်း ကိုယ့်အကျိုးအမြတ်အတွက်ကို အကောင်းဆုံးရအောင်ပေါ့ဗျာ၊ သူတို့ကို ကျွန်တော်တို့ ပေးလိုက်ရမယ့် ပေါ်လတစ်ကလည်း အင်းပက်ကကြီးတာကိုဗျ၊ သိပ်မပြောဘဲနဲ့ သူတို့ ဆောင်ရွက်ပေးရတဲ့ ဥပမာ ကုလသမဂ္ဂမှာ ကာကွယ်ပေးရတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးမှာ သူပါဝင်အောင် သွယ်လုပ်ပေးရတဲ့ကိစ္စတွေ၊ အသားပေးပြီးတော့ ဒါကြောင့်သူတို့က ဖြစ်သင့်တယ် ဖြစ်ခွင့်ရှိတယ် သူူတို့က စီးပွားရေးလုပ်တဲ့အခါမှာ ပိုရသင့်တယ်ဆိုတာ ပြောကောင်းပြောနိုင်တာပေါ့၊ အဲဒီအခါမှာ ကျွန်တော်တို့ဖက်ကလည်း သူတို့ ရေရှည်မှာဆိုရင် ကျောက်ဖြူရနက်ဆိပ်ကမ်းတို့၊ တရုတ်-မြန်မာ ရထားလမ်း၊ ကားလမ်းတို့ဆိုတာက ကျောက်ဖြူအထိ ဖွင့်ပေးမယ်ဆိုရင် သူတို့နိုင်ငံအထိ ဘယ်လိုရေရှည် အကျိုးစီးပွားတွေရှိတယ်ဆိုတာ ထောက်ပြပြီးတော့ ကျွန်တော်တို့ နိုင်ငံလေးကလည်း ဒီအခွင့်အရေးတွေပေးဖို့ဆိုတာ ဆွေးနွေးတတ်ဖို့လိုတယ်"
ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ဓာတ်ငွေ့စီမံကိန်းတွေက စတင်နေပြီဖြစ်လို့ တရုတ်အကျိုးစီးပွားတွေကလည်း ရှိနေပြန်တယ်လို့ ထောက်ပြကြပြီး တရုတ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် အထိုက်အလျောက် သြဇာရှိပေမယ့်လည်း အမိန့်ပေးတဲ့အဆင့်ထိတော့ မရှိဘူးလို့ ဆိုကြပါတယ်။
တရုတ်အရေး လေ့လာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ခင်ကျော်ကြီးကတော့ ----
"ကျွန်မတို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က တရုတ်နဲ့ ပတ်သက်နေတဲ့အခါမှာ တရုတ်ရဲ့သြဇာ တစ်စုံတစ်ရာတော့ ရှိလိမ့်မယ်ပေါ့နော်၊ ဒီတရုတ်သည် အဖွဲ့အားလုံးကို နောက်ဆုံးဆုံးဖြတ်နိုင်တဲ့ ဆုံးဖြတ်ချက်တော့ မရှိဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေအနေကို တချို့အချက်အလက်မှာ တရုတ်အကျိုးစီးပွားနဲ့ မညီတဲ့အခါမျိုးမှာ အထိုက်အလျောက် ပျော့ပျောင်းပေးနိုင်ကောင်း ရှိလိမ့်မယ်၊ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တစ်ခုလုံးမှာ တရုတ်ကတော့ ဒါဆိုဒါ လုံးဝစတိတ်ဟိုဒါတွေကို လွှမ်းမိုးနိုင်မယ့် အခြေအနေ ဒါ တရုတ်က လုံးဝဆုံးဖြတ်လို့ ပြီးသွားမယ်ဆိုတာမျိုးတွေတော့ မမြင်မိဘူး၊ AA အပေါ်မှာ အထိုက်အလျောက် မြောက်ပိုင်းနဲ့ စပ်ဆက်နေတဲ့အတွက် အထိုက်အလျောက် တွန်းအားတော့ရှိနိုင်ပေမယ့်လို့ AA ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ တရုတ်သည် အများကြီးသက်ရောက်နိုင်မယ့် အခြေအနေမျိုးတော့ မတွေ့မိဘူးရှင့်၊ AA ကို အတင်းတွန်းအားပေးရင်လည်း AA သည် ရခိုင်ဘက်မှာ အခြေပြန်ချလာနိုင်ရင် တရုတ်ရဲ့ ရခိုင်ဖက်မှာ အကျိုးစီးပွားတွေ အများကြီးရှိနေတဲ့အခါကျတော့ အဲဒီအပေါ်မှာ တရုတ်အနေနဲ့ အများကြီးစဉ်းစားထားတာတော့ ရှိနိုင်ပါလိမ့်မယ်"
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ နိုင်ငံရေးအရသြဇာ လွှမ်းမိုးမှုရအောင် စွမ်းဆောင်သလို အကျိုးစီးပွားအတွက်လည်း အမြတ်ထုတ်နေတယ်လို့ ယူဆကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပကတိအခြေအနေအရ တရုတ်ရဲ့စွက်ဖက်မှုတွေကနေ အကျိုးအမြတ်ပြန်ရမယ့် နည်းလမ်းတွေနဲ့ လုပ်ဆောင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးပိုင်းတွေရဲ့ အကျပ်အတည်းတွေ ဖြေရှင်းနိုင်မယ်လို့ ယူဆကြပါတယ်ခင်ဗျာ။
