နိုင်ငံတကာမှာ တရားဝင်အစိုးရဖြစ်ဖို့ NUG နဲ့ စစ်ကောင်စီ အပြိုင်ကြိုးစားနေကြဆဲဖြစ်

RFA Burmese
2023.12.31
နိုင်ငံတကာမှာ တရားဝင်အစိုးရဖြစ်ဖို့ NUG နဲ့ စစ်ကောင်စီ အပြိုင်ကြိုးစားနေကြဆဲဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးမှ ကြီးမှူးကျင်းပသည့် အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကတွေ့ရစဉ်။
AP

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဟာ လက်ရှိ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်၊ နော်ဝေး၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရထား ပေမယ့် တရားဝင်အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ ဒီနှစ်မှာလည်း ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာလည်း ၂၀၂၃ ခုနှစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှု လျှောက်ထားမှုမှာ ဆိုင်းငံ့ခံခဲ့ရသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီး အစည်းအဝေးတွေ တက်ခွင့်မရတာ အခုဆို သုံးနှစ်ရှိသွားပါပြီ။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှု ကြောင့် တရုတ်နဲ့ ရုရှားကိုပဲ အဓိကထား ဆက်ဆံနေရတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

“နိုင်ငံတကာအနေနဲ့ NUG ကို ဆက်လက် ပံ့ပိုးကူညီပေးသွားဖို့လည်း ယုံကြည်မျှော်လင့်တယ်”

(NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေး ကဏ္ဍမှာ အောင်မြင်လာသလို နိုင်ငံတကာဆက်ဆံရေး ကဏ္ဍမှာလည်း အောင်မြင်မှုတွေ ရှိလာတယ်လို့ RFA ကိုပြောပါတယ်။

“ဒီ ၂၀၂၃ ခုနစ်မှာဆိုရင် မြန်မာပြည်သူ လူထုများရဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ရဲ့ အောင်မြင်မှုတွေ အများကြီး ရရှိတဲ့နှစ် ဖြစ်လာပါတယ်။ မြေပြင်ပေါ်မှာ စစ်ရေးကဏ္ဍမှာ အောင်မြင်မှုတွေ အမြောက်အမြား ရရှိခဲ့သလို ရရှိနေသလို နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍမှာလည်း အောင်မြင်မှုတွေ အမြောက်အများ ရရှိပါတယ်။ နိုင်ငံတကာ ဆက်ဆံ ရေးမှာဆိုရင် ကျွန်တော်တို့ နိုင်ငံအများအပြားနဲ့ မဟုတ်တောင်မှ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ အရေးကြီးတဲ့နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံနေတာတွေ ရှိနိုင်ပါတယ်”

နိုင်ငံတကာအနေနဲ့ NUG ကို ဆက်လက် ပံ့ပိုးကူညီပေးသွားဖို့လည်း ယုံကြည်မျှော်လင့် တယ်လို့ ဦးကျော်ဇော်က ဆိုပါတယ်။

စစ်တပ်အရာရှိဟောင်းဖြစ်တဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ ပြည်တွင်း ဆူပူမှုကို ငြိမ်အောင်ထိန်းနိုင်ရင် စစ်တပ်ဦးဆောင်တဲ့ နိုင်ငံတကာ ဆက်ဆံရေး ပိုပြီးတိုးတက်လာဖို့ ရှိတယ်လို့ ခန့်မှန်းပါတယ်။

“ကျွန်တော့်အမြင်တော့ ပုံမှန် အနေအထားမှာ ရှိပါတယ်။ သဘောကတော့ဗျာ။ ဒီဘက် ခေတ်ကြီးမှာ အာဏာသိမ်းတဲ့ စစ်အစိုးရတွေကို မထောက်ခံဘူးဆိုတာက ဒါက သဘာဝပဲလေ။ ဒါပေမဲ့ ဒီဟာက မထောက်ခံတာက မထောက်ခံတာကိုး။ သူက အသိအမှတ်ပြုဖို့ကျတော့ လက်ရှိ အာဏာရှိထားတဲ့သူကိုပဲ အသိအမှတ်ပြုရမှာကိုး။ ဒါမှပဲ အလုပ်ဖြစ်မှာပေါ့လေ။ အဲဒီတော့ လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့က ပြည်တွင်းဆူပူမှု နည်းနည်း ကြီးနေတဲ့အတွက်ကြောင့် ဒီလိုဖြစ်နေတဲ့သဘောပါ။ အဲဒီတော့ ပြည်တွင်းဆူပူမှု တကယ်ငြိမ်အောင် ထိန်းသွားနိုင်တာနဲ့အမျှ တပ်က ဦးဆောင်တဲ့ နိုင်ငံတကာ ဆက်ဆံရေးဟာလည်း ပိုတိုးမြင့်လာတာကိုတော့ တွေ့ရပါလိမ့်မယ်”

မြန်မာနိုင်ငံမှာ လုံလောက်တဲ့ နယ်မြေပိုင်နက်ကို မသိမ်းယူနိုင်သရွှေ့ NUG အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူးလို့လည်း ဒေါက်တာ အောင်မျိုးက ဆိုပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေလည်း မြန်မာနိုင်ငံကို မကြာခဏ လာရောက်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းဆိုရင် ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ ခုနစ်လအတွင်း မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက တရုတ်နိုင်ငံဟာ မြန်မာရဲ့ အိမ်နီးချင်း ဖြစ်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အတက်အကျရှိပေမယ့် မပြောင်းလဲနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ကျွန်မတို့က အိမ်နီးနားချင်းနိုင်ငံဖြစ်တော့ ကျွန်မတို့ ဆက်ဆံရေးဟာ ကောင်းတဲ့အခါ ကောင်းလိုက်၊ မကောင်းတဲ့အခါ မကောင်းလိုက်၊ အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်။ အတက်အကျတော့ ရှိမယ်။ နောက်နှစ်လည်း ဒီလိုပဲဖြစ်မယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြောက်ပိုင်းကလည်း မြောက်ပိုင်းသုံးဖွဲ့က တိုက်စရာရှိတာ ဆက်တိုက်မှာ ပဲလေ။ အဲဒီတော့ ဒီလိုပဲ ပြဿနာ အတက်အကျတော့ ရှိမယ်ထင်တယ်။ စီးပွားရေး ကိစ္စကတော့ တရုတ်က မဖွင့် ဖွင့်အောင် ပြောမယ်ထင်တယ်။ ဒီလိုပဲ ပြဿနာတွေပေါ်လိုက် သူတို့အချင်းချင်း ဖြေရှင်းလိုက် အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်”

စစ်ကောင်စီနဲ့ NUG ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားနိုင်ပေမယ့် စစ်ကောင်စီရဲ့ အခြေအနေ ယိုယွင်းလာမှသာ NUG နဲ့ တရုတ်ရဲ့ ဆက်ဆံရေး အခြေအနေ ပိုကောင်းလာနိုင်မယ်လို့ ဆိုပါတယ်။

စစ်ရေးမှာလည်း မြန်မာနဲ့တရုတ် နှစ်နိုင်ငံ ရေတပ်ပူးပေါင်းလေ့ကျင့်မှုကို ၂၀၂၃ နှစ်ကုန် ပိုင်းမှာ ပြုလုပ်ခဲ့သလို ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်တန့်ဖို့ကိုလည်း တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးနေပါတယ်။

ဒါ့အပြင် စီးပွားရေးအရ ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၉ ဘီလီယံရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပိုတွေ့လာရနိုင်တယ်”

တစ်ဖက်မှာလည်း စစ်ကောင်စီကို နိုင်ငံတကာမှာ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံနေတာကတော့ ရုရှားနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရုရှားနိုင်ငံဟာ စစ်ကောင်စီရဲ့ ရပ်တည် ရှင်သန်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ခြုံပြောရရင်တော့ တိုက်ရိုက်မြေပြင်ကနေ ထိတွေ့ဆက်စပ်မှု ရုရှားနဲ့မရှိပေမယ့် ရုရှားက စစ်ကောင်စီရဲ့ ရှင်သန်ရေးအတွက် ကျွန်တော်တို့ ခေတ်မီလက်နက်တွေ ရောင်းချတာတွေ နောက်ပြီး ဆီ (လောင်စာဆီ) နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကူအညီပေးဖို့အတွက် သူကတော့ ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်တယ်လို့ ကျွန်တော်တို့က မှန်းဆပါတယ်ခင်ဗျ”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ ၂၀၂၃ မေလအစီရင်ခံစာ အရ ရုရှားဟာ ကမ္ဘာမှာ မြန်မာကို စစ်လက်နက် အများဆုံး ရောင်းချနေတဲ့နိုင်ငံဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာ ၄၀၆ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရုရှားကနေ ဖျက်အားပြင်း SU-30 ဂျက်တိုက်လေယာဉ် ခြောက်စင်းဝယ်ယူဖို့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာမှာ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူစာချုပ် ချုပ်ခဲ့ပြီး အဲဒီထဲက နှစ်စင်းဟာ လေတပ် (၇၆) နှစ်မြောက်နေ့ဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရားဝင် တပ်တော်ဝင်ခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အာဏာသိမ်းပြီးနောက် ရုရှားကို သုံးကြိမ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ နျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ပါ သဘောတူထားပါတယ်။

စစ်ကောင်စီဟာ ရုရှား၊ တရုတ်နဲ့ ဆက်ဆံရေး ကောင်းခဲ့ပေမယ့် ဒေသတွင်း နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံမှာတော့ အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။

၂ဝ၂၁ ခုနှစ်မှာ အာဆီယံက ချမှတ်တဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည် ဖော်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံ အထူးအစည်းအဝေးတွေကနေ ဒီနှစ်မှာလည်း ဖယ်ထုတ်ခံခဲ့ရပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံဟာ အာဏာသိမ်းတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို မြန်မာနိုင်ငံမှာ အခုနှစ် ကျင်းပတဲ့ အာဆီယံ လေတပ်ညီလာခံကိုလည်း မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ မတက်ရောက်ဘဲ ကျန်တဲ့ ငါးနိုင်ငံသာ တက်ရောက်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ချုပ် (FIDH) ရဲ့ အတွင်းရေးမှူးချုပ် Debbie Stothard ကတော့ အာဆီယံအနေနဲ့ မြန်မာ့အရေးကို အရင်လိုပုံစံနဲ့ ကိုင်တွယ်လို့ မရဘူးဆိုတာ သိသင့်သလို NUG ကိုလည်း အသိအမှတ်ပြုဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

“၂၀၂၃ ခုနှစ် အင်ဒိုနီးရှား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌလက်ထက်မှာ လူတွေက အများကြီး မျှော်လင့်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အင်ဒိုနီးရှားက သဘောတူညီမှုကို လိုချင်ခဲ့တယ်။ မြန်မာမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို မစဉ်းစားဘဲ အားလုံးကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ရောက်လာစေဖို့ ငြိမ်းချမ်းရေး အတွက် ရှေးရိုးစွဲအမြင် ရှိခဲ့ပါတယ်။ မြန်မာရေးအကို ကိုင်တွယ်ဖြေရှင်းဖို့ အရင်ပုံစံနဲ့ မရဘူးဆိုတာကို အာဆီယံက နားလည်ဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်မှု ပုံစံသစ် (NUG) ကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်”

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ နောက်ဥက္ကဋ္ဌ တာဝန်ယူမယ့် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် ပုံစံအသစ်ကို ကျင့်သုံးနေကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျကာတာမှာကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အတည်ပြုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဥ်။ (Photo: AFP)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဥ်။ (Photo: AFP)

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အင်အားကြီး အနောက်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေလည်း များစွာ ရင်ဆိုင်ခဲ့ရပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါလို နိုင်ငံတွေဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB)၊ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) အပြင် စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ တင်သွင်းပေးနေသူတွေကိုပါ အခုနှစ်အတွင်း အကြိမ်ကြိမ် ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဥရောပ သမဂ္ဂဟာလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ပိတ်ဆို့ အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေး လွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေပါ ချမှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အနောက် နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပိုတွေ့လာရနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပြီးခဲ့တဲ့ နှစ်ထဲမှာဆို သူတို့ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့တာတွေ ရှိတယ်။ အမည်ပျက်စာရင်း သွင်းတာရှိတယ်။ နောက်ပြီးတော့ ဆက်တိုက်ပေါ့နော်။ ဒီရှာဖွေ တွေ့ရှိမှု နောက်ဖော်ထုတ်မှုတွေပေါ့။ စုံစမ်းဖော်ထုတ်ရေး ဂျာနယ်လစ်ဇင်အရ သူတို့ ဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ပြည်သူ့လူထုအပေါ်မှာ တိုက်ခိုက် နေတဲ့ကိစ္စတွေ၊ သတ်ဖြတ်နေတဲ့ကိစ္စတွေ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အကျိုးသက်ရောက်မှု ရှိစေတဲ့ကိစ္စတွေကို သူတို့ရှာဖွေဖော်ထုတ်ပြီးတော့ ဒဏ်ခတ် အရေးယူတဲ့ကိစ္စတွေ လုပ်တာတွေရှိတယ်။ အဲဒီလိုဟာတွေ ပိုတွေ့လာနိုင်စရာ ရှိတယ်လို့ ကျွန်တော်တို့ ယူဆတယ်”

တစ်ဖက်မှာလည်း NUG ကို အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအနေနဲ့ အသိအမှတ်ပြု ဆက်ဆံတဲ့ပုံစံမျိုးတော့ မတွေ့ရသေးဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

လက်ရှိအချိန်ထိ NUG ကို မြန်မာနိုင်ငံ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြု ဆက်ဆံတာ ချက်နိုင်ငံနဲ့ အရှေ့တီမော နှစ်နိုင်ငံသာ ရှိပါတယ်။

အဲဒီလို NUG အစိုးရကို အသိအမှတ်ပြု ဆက်ဆံတာကြောင့်လည်း စစ်ကောင်စီဟာ အရှေ့တီမော သံတမန်တွေကို မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ်တွေကို ထိန်းချုပ်ခြယ်လှယ်နိုင်ဖို့ (ဒါမှမဟုတ်) ဩဇာလွှမ်းမိုးနိုင်ဖို့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကဏ္ဍတွေကို မဟာဗျူဟာကျတဲ့ နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ် ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၂၀ ရက်က ကျင်းပတဲ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နဲ့စာပေ အနုပညာပွဲတော် တက်ရောက်ချိန် စွပ်စွဲပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။