လူ့အခွင့်အရေးချိုုးဖေါက်မှု မြန်မာ့အနာဂတ် အန္တရာယ်ဟု ကန်အဖွဲ့ပြောကြား


2016.12.14

USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကော်မရှင်က မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီး လူနည်းစုတွေ ဖိနှိပ်ခံနေရကြောင်း ဖေါ်ပြထားတဲ့ အစီရင်ခံစာ ၂ စောင်ကို ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့က ညနေက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဦးခင်မောင်စိုး က ခုလိုတင်ပြထားပါတယ်။

အမျိုးသား သတင်းထောက်အသင်းမှာကျင်းပတဲ့ အဲဒီအခမ်းအနားမှာ လူနည်းစုနေထိုင်ရာဒေသတွေ ပြည် နယ်တွေမှာ ဘာသာရေးလွတ်လပ်မှုကို ကျယ်ကျယ်ပျံပျံ့ ချိုးဖေါက်ခံနေရကြောင်း၊ အဲဒီကိစ္စတွေမှာ မြန်မာ့ တပ်မတော် နဲ့ မဘသ အဖွဲ့ဝင်တွေ ပါဝင်နေကြောင်းနဲ့ ဒီကိစ္စတွေဟာ မြန်မာပြည်ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ အန္ဒရယ်ဖြစ်နေကြောင်း စသဖြင့် ပြောကြားခဲ့ကြပါတယ်။

အစီရင်ခံစာတစောင်ကို မြန်မာပြည်က လူနည်းစုခရစ်ယာန် ဘာသာဝင်တွေရဲ့ ဖုံးကွယ်နေသော ဒုက္ခများလို့ အမည်ပေးထားပြီး နောက်တစောင်ကိုတော့ မြန်မာပြည်က မွတ်စလင်ရိုဟင်ဂျာတွေ ဆက်လက်ဖိနှိပ် ခံနေရခြင်းဆိုပြီး အမည်ပေးထားပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံနေရပုံကို ရေးသားပြုစုသူက Rachel Fleming ဆိုတဲ့ လူ့အခွင့်ရေးလှုပ်ရှားသူပါ။ ရေချယ်ဟာဗြိတိန်အခြေစိုက်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှာလည်း လုပ်ကိုင်ခဲ့ဖူး ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နာဂဒေသတွေမှာရှိတဲ့ ခရစ်ယာန်လူနည်းစုတွေဟာ ဆယ်စုနှစ်များစွာ လွတ်လပ်စွာ ကိုးကွယ်ခွင့် စုဝေးခွင့်တွေ ဆုံးရှုံးနေကြောင်း သူက ပြောပါတယ်။

မဘသ နဲ့ တခြားအစွန်းရောက် ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးလွတ်လပ်မှုကို အသိအမှတ်မပြုဘဲ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပဋိပက္ခဆူပူမှုတွေဖြစ်အောင် သွေးထိုပေးနေကြကြောင်း၊ နာဂဒေသမှာ မြန်မာစစ်တပ်က စာသင်ကျောင်းတွေဖွင့်ပြီး ကျောင်းသားတွေကို နေ့စဉ် ဗုဒ္ဓဘာသာနဲ့ ဘုရားရှိခိုးခိုင်းကြောင်း၊ အဲဒီကျောင်းတွေက အောင်မြင်ပြီး ဗုဒ္ဓဘာသာလည်းဝင်မယ်ဆိုရင် အာဏာပိုင်တွေက အလုပ်အကိုင်ခန့်ပေးကြောင်း၊ ခရစ်ယာန်တွေ ဘုရားရှိခိုးကျောင်းဆောက်တာတွေကို တားဆီးပိတ်ပင်တာတွေ၊ ခရစ်ယာန်သချိုင်းတွေကို မြေထိုးစက်နဲ့ ထိုးပြီး ဖျက်ဆီးတာတွေရှိကြောင်း၊ ကချင်ပြည်နယ်မှာ ဘာသာရေးအတွက် ကချင်တွေစုဝေးတာကို KIA လက်နက်ကိုင်အဖွဲ့ထောက်ခံတဲ့ အပြုအမူအဖြစ် ဖမ်းဆီးနှိပ်စက်တာတွေရှိကြောင်း၊ ကချင်လူမျိုး ခရစ်ယာန် ၉၅% နဲ့ ဗုဒ္ဓဘာသာ ၅% ပဲရှိတဲ့ဒေသမှာ ဗုဒ္ဓဘာသာတွေက အဓမ္မဘုရားလာတည်တာကို အာဏာပိုင်တွေက အားပေးနေကြောင်း၊ လက်ရှိ သာသနာရေးဝန်ကြီး သူရ ဦးအောင်ကိုကလည်း ဗုဒ္ဓဘာသာဝင်တွေကို ကောင်းစွာဆက်ဆံပေမယ့် ခရစ်ယာန်နဲ့ မွတ်စလင်ခေါင်းဆောင်တွေကို ခွဲခြားဆက်ဆံကြောင်း၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုချင်ရင် အစိုးရအနေနဲ့ လူနည်းစုကို အကာအကွယ်ပေးဖို့ လိုကြောင်းနဲ့ နောက်ဆုံးမှာ သူကအမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ကို ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းထားပါလို့ ထောက်ခံပြောကြားခဲ့ပါတယ်။

ပြောကြားသူ နောက်တဦးက USCIRF က အကြီးတန်း မူဝါဒရေးရာ သုတေသနမှူး Tina Mufford ဖြစ်ပါတယ်။ သူက ရခိုင်ပြည်နယ် ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ ချိုးဖေါက်ခံနေရတာကို အစိုးရက ထိထိရောက်ရောက် အရေးယူမှုလိုနေကြောင်း၊ ဒီကိစ္စကို အာဆီယံကလည်း ဖြေရှင်းဖို့လိုကြောင်း အထူးသဖြင့် မွတ်စလင်နိုင်ငံတွေဖြစ်ကြတဲ့ မလေးရှား အင်ဒိုနီးရှား တို့က ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ကို ဗိုလ်ချုပ်ကြီးဟောင်း တဦးက ဦးဆောင်နေကြောင်း၊ မြန်မာပြည်က ဘာသာရေးပြသနာတွေမှာ မဘသ ပါဝင် ပတ်သက်နေဆဲ ဖြစ်ကြောင်း စသဖြင့်ပြောပါတယ်။

နောက်တဦးကတော့ USIP (U.S. Institute of Peace) ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးသိပ္ပံက ညွန်ကြားရေးမှူး Susan Hayward ပါ။ သူကတော့ အင်္ဂလိပ်ကိုလိုနီခေတ်မှာ တောင်တန်းသာသနာပြုမှုကောင့် ခရစ်ယန်ဘာသာပြန့်ပွားခဲ့ပုံ၊ ဝန်ကြီးချုပ်ဟောင်း ဦးနု အစိုးရခေတ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းခဲ့ပုံ၊ လက်ရှိမြန်မာအစိုးရအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ပုံတွေကို ပြောကြားခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရိုဟင်ဂျာမွတ်စလင်တွေလည်း ပါဝင်ခွင့်ရသင့်ကြောင်း အကြံပေးပြောဆိုသွားပါတယ်။

ပရိသတ်တဦးက ရခိုင်ပြည်မြောက်ပိုင်းဒေသက လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ဓါတ်ပုံအတုတွေ သတင်းအတုတွေ ထွက်နေကြောင်းပြောရာမှာ USCIRF က အကြီးတန်း မူဝါဒရေးရာ သုတေသနမှူး Tina က မြန်မာအစိုးရက သွားခွင့်မပြုလို့ အခြေအနေမှန်ကို အတိအကျ မသိရကြောင်း၊ မြန်မာအစိုးရက ဒီကိစ္စကို နိုင်ငံတကာက ချဲ့ကားတယ်ထင်နေကြောင်း ဒါပေမဲ့ ရရှိတဲ့သတင်းတွေအရ စိုးရိမ်ကြောင်း ပြောပါတယ်။

RFA က ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်သူ သူရဲကောင်းအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံရသူဖြစ်ပြီး သူတို့အစိုးရအနေနဲ့ ပြသနာအခက်အခဲများစွာ ရင်ဆိုင်ဖြေရှင်းနေ ရတာကို နိုင်ငံတကာက နားလည်ပြီး အချိန်ပေးဖို့ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကော်မရှင်က ဘယ်လို သဘောထားနဲ့ ဆက်ဆံမှာလဲလို့ မေးမြန်းခဲ့ပါတယ်။

Tina Mufford တီနာ မတ်ဖို့က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတာတွေကို သူတို့နားလည်ပါတယ်။ တပ်မတော်နဲ့ အဆင်ပြေအောင် နေထိုင်လုပ်ကိုင်ရတာ သိပ်ခက်မှာပါ၊ ဒါပေမယ့် လူတွေသေနေကြတာကို ကျမတို့က လျစ်လျူရှုလို့ မဖြစ်ပါဘူး။ နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြမှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အလေးအနက်ထားဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ မနေ့က အခမ်းအနားကို မြန်မာ့အရေး စိတ်ဝင်စားသူ ၅ဝ ခန့် တက်ရောက်ပါတယ်။

USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကော်မရှင်က မြန်မာပြည် မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီး လူနည်းစုတွေ ဖိနှိပ်ခံနေရကြောင်း ဖေါ်ပြထားတဲ့ အစီရင်ခံစာ ၂ စောင်ကို ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့က ညနေက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဦးခင်မောင်စိုး က ခုလိုတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။