သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို စစ်အစိုးရတရားစွဲမှုအပေါ် အမြင်များ
2021.02.03
အာဏာသိမ်း စစ်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ၊ သမ္မတဦးဝင်းမြင့် ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခဲ့တာဟာ မတရားအနိုင်ကျင့်မှုပဲလို့ အထက်မြန်မာပြည် ရွှေဝါရောင်ကွန်ရက်ခေါင်းဆောင် အရှင် စိန္တိတ က မိန့်ကြားပါတယ်။
"သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတယ်ဆိုတာ ဘယ်လိုဘဲဖြစ်စေ ဒါ မဖြစ်သင့်ဘူး မတရားဘူးလို့ ဦးဇင်းတို့မြင်တယ်။ လူတယောက်ကို သက်သက်မဲ့ မတရား အနိုင်ကျင့်သလို ဖြစ်နေတယ်။ ထပ်ခါ ထပ်ခါလဲ အနိုင်ကျင့်ပြီးပြီ။ ဒါကို မဟုတ်ဘူး ထပ်အနိုင်ကျင့်တယ် သူတို့ဘာသာ တပ်ချင်တဲ့ပုဒ်မတွေ တပ်ပြီး တရားစွဲတာ။ ဒါကို ဦးဇင်းတို့ လက်မခံဘူး"
၇၄၊ ၇၅၊ ၇၆ အုပ်စု ကျောင်းသားခေါင်းဆောင် ဦးကျော်အောင်ကလည်း စစ်အစိုးရရဲ့ စွပ်စွဲမှုတွေဟာ သိမ်ဖျင်းလှတယ်လို့ ပြောပါတယ်။
"အခု သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်အစိုးရက စွဲတဲ့ ပုဒ်မတွေ ပြစ်မှုတွေက သိမ်ဖျင်းတဲ့ စွပ်စွဲမှုတွေ အရေးယူမှုတွေပဲလို့ ကျနော်တော့ ယူဆတယ်။ စစ်အာဏာ သိမ်းတာ တိုင်းပြည်အကျိုးဆိုတာကို တစွန်းတစတောင် ကျနော် မတွေ့ကြုံခဲ့ရဘူး။ ၆၂ ဗိုလ်နေဝင်း အာဏာသိမ်းတုန်းကလဲ တိုင်းပြည်မပြိုကွဲအောင် အကြောင်းပြချက်နဲ့သူအာဏာသိမ်းခဲ့တာ ဆိုပေမဲ့ တကယ့်တကယ်ကျတော့ သူအာဏာသိမ်းလိုက်မှ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရုံတင် မကဘူး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံကြီးကို ရောက်သွားတယ်။ ၈၈ တုန်းကလဲ ဗိုလ်စောမောင် ဦးဆောင်တဲ့ ဗိုလ်ချုပ်တွေက တိုင်းပြည် လက်တလုံးအလိုမှာ တိုင်းပြည်ကို ကယ်တင်ဖို့ အာဏာသိမ်းခဲ့ရတာပါလို့ အသံကောင်း ဟစ်ခဲ့ပေမဲ့လို့ တကယ့်တကယ်ကျတော့ တိုင်းပြည်က ချောက်ထဲကျမယ့် အခြေအနေမဟုတ်ဘူး။ အဲဒီ ဗိုလ်ချုပ်တစု အာဏာရှင်တစုသာလျှင် ပြည်သူရဲ့အုံကြွတော်လှန်မှုကြောင့် ချောက်ကမ်းပါးထဲ ကျလုအခြေအနေက သူတို့ကိုယ်သူတို့ ကယ်တင်ခဲ့တာ၊ တိုင်းပြည်ကို ကယ်တင်ခဲ့တာ မဟုတ်ဘူး။ ချောက်ထဲ တွန်းချခဲ့တာ။ အခုတခါ သူတို့ရဲ့ အကျိုးစီးပွားတွေကို ရေပက်မဝင်အောင် ကာကွယ်ရေး ဆွဲထားတဲ့ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့် အကုန်လုံးက ရှိခဲ့တဲ့ သူတို့ရဲ့အခွင့်အရေးတွေက လျော့ပါးသွားတယ်လို့ ယူဆတယ်။ သူတို့အတွက်တော့ ရွှေခေတ်ပေါ့။ ပြည်သူတွေအတွက် အမှောင်ခေတ်ပေါ့။ အဲလိုခေတ်ကို သူတို့က ပြန်ရောက်ချင်တော့ မတော်တရား မဟုတ်တမ်းတရားတွေနဲ့ စွပ်စွဲပြီး ဇွတ်အာဏာသိမ်းတယ်လို့ ကျနော်မြင်တယ်။ အာဏာသိမ်းတဲ့အတွက်ကြောင့် တိုင်းပြည်က ထပ်ပြီး ချောက်ထဲပြန်ကျအောင် တွန်းချလိုက်တဲ့သဘောပေါ့ တိုင်းပြည်က အများကြီးထိခိုက် နစ်မွန်းသွားမဲ့ အနေအထားရှိတယ်"
တဆက်တည်းမှာပဲ စစ်ခေါင်းဆောင်တစုရဲ့ အကျိုးစီးပွားအတွက် တပ်မတော်ဟာ ခေတ်အဆက်ဆက်မှာ အသုံးချခံဖြစ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
"၆၂ ခု အာဏာသိမ်းတာက စစ်တပ် အာဏာသိမ်းတာ မဟုတ်ဘူး၊ တပ်မတော်ကို အမိန့်ပေးခွင့်ရှိတဲ့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းတာ။ ၈၈ ကလဲ ဒီလိုဘဲ တပ်မတော် အာဏာသိမ်းတာမဟုတ်ဘူး။ တပ်မတော်ကို ချုပ်ကိုင်ခွင့်ရတဲ့ ဗိုလ်ချုပ်စောမောင် အမှူးပြုတဲ့ စစ်ဗိုလ်ချုပ်တစုက အာဏာသိမ်းခဲ့တာ။ အခုလဲ အာဏာသိမ်းတာ တပ်မတော်မဟုတ်ဘူး ကာကွယ်ရေးဦးစီးချုပ် ပါဝင်ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တစုသာဖြစ်တယ်"
နေပြည်တော်စည်ပင်ရိပ်သာမှာ ရှိနေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးကလည်း အခုလို အပြစ်ရှာ တရားစွဲတာမျိုးဟာ စစ်အာဏာရှင်တွေ အစဉ်အဆက် လုပ်နေကြဖြစ်ပါတယ်လို့ RFA ကို ပြောပါတယ်။
"နိုင်ငံရေးသမားတွေ အထူးသဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒီလိုပဲနောက်ပိုင်းမှာ လိုက်လံဖမ်းဆီး မဆီလျော်တဲ့ပုဒ်မတွေ ဒီလိုဘဲတပ်ပြီးတော့ စွဲမှာပဲ။ ဒါ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် ပုံစံပဲဖြစ်ပါတယ်။ မိမိတို့သည် တကယ့်ကို ပြည်သူက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်ကြောင်း Legitimacy ဖြစ်ကြောင်း Statement လဲ ကျနော်တို့ ထုတ်ပြီးသား။ နောက်တခုကလဲ ဒီအာဏာသိမ်းမှုဟာ လူနည်းစုက အာဏာသိမ်းတာဖြစ်တယ်၊ တပ်မတော်တွင်းမှာကိုလည်း ပြည်သူ့ဘက်က လိုက်မယ့် တပ်မတော်သားကောင်းကြီးတွေကိုလည်း ကျနော်တို့က မျှော်လင့်နေပါတယ်"
နယူးယောက်မြို့ရှိ ကဗျာဆရာ၊ စာရေးဆရာကြီး မောင်စွမ်းရည်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်တွေက တရားစွဲတယ်ဆိုတယ်ဆိုတာဟာ တရားခံက တရားလို ဖြစ်သွားတာပဲလို့ ဝေဖန်ပါတယ်။
"ကာလပြောင်းပြန် သူခိုးက လူလိုဟစ်တယ်ဆိုတာမျိုးပေါ့။ သူတို့ကို ပြည်သူက ပိုပြီး အမုန်းပွားစေတာပေါ့ ဒီလိုလုပ်တာ။ ဘာလို့လဲဆိုတော့ မဟုတ်မှန်း မတရားလုပ်နေမှန်း သိတာဘဲ။ သူတို့ရဲ့ အောက်ခြေက တပ်သားတွေကလည်း သူတို့ကို ကျေနပ်ကြတာ မဟုတ်ဘူး။ သူတို့လို ချမ်းသာတာမှ မဟုတ်ဘဲ ပိုပြီး ဒုက္ခခံရတယ်။ တပ်ထဲကထွက်ရင် သတင်းစာရောင်းစားရတဲ့ ဘဝမျိုးနဲ့ အောက်ခြေတပ်သားတွေက လုပ်ကိုင်နေကြရတာ"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်အစိုးရက တရားစွဲဆိုခဲ့တာနဲ့ စပ်လျဉ်းပြီး ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားသူတချို့ရဲ့ ဝေဖန်ပြောကြားချက်တွေ ဖြစ်ပါတယ်။