အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်

RFA Burmese
2024.09.06
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင် ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ငွေလဝန်း ငါးရာကျပ်တန် ထမင်းဆိုင်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အထွေထွေ အကျပ်အတည်းတွေကြောင့် ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတဲ့ အခုခေတ်မှာ အမျိုးသမီးငယ်တစ်ဦးက ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ငါးရာကျပ်တန် ထမင်းဆိုင်ကို ငွေလဝန်းဆိုတဲ့နာမည်နဲ့ ဖွင့်ထားပါတယ်။

"လှူချင်တဲ့အတွက် ဒီငါးရာတန်ဆိုင်ကို ဖွင့်ခဲ့တာ၊ ရောင်းချခဲ့တာ။ မြတ်ချင်လို့ မဟုတ်ဘူး။ လုလု ကုသိုလ်ယူချင်လို့။ ပြီးတော့ အမြတ်ကိုစားချင်တာမျိုး မဟုတ်ဘဲ ပီတိကို စားချင်လို့၊ ဒီငါးရာတန်ဆိုင်လေးကို ဖွင့်ခဲ့တာ"

လက်လုပ်လက်စား လူတန်းစားတချို့ အားကိုးရာရနေတဲ့ ထမင်းဆိုင်လေးတစ်ဆိုင် ရန်ကုန်၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် နိဂြောဓလမ်းနဲ့ ဓမ္မစိန္တာလမ်းထောင့်မှာ ရှိနေပါတယ်။

"လှူချင်တဲ့အတွက် ဒီငါးရာတန်ဆိုင်ကို ဖွင့်ခဲ့တာ၊ ရောင်းချခဲ့တာ။ မြတ်ချင်လို့ မဟုတ်ဘူး"

ငွေလဝန်းဆိုတဲ့ ဒီဆိုင်လေးကိုဖွင့်ထားတဲ့သူက အားကောင်းမောင်းသန် အမျိုးသားတွေ၊ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ မလုလုဆိုတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။

မလုလုက သူကိုယ်တိုင်လည်း အရပ်ပြောအရ ပလုံကောက်တယ်လို့ဆိုတဲ့ စွန့်ပစ်ထားတဲ့ ပုလင်းခွံ၊ ဘူးခွံတွေကောက်ရောင်းပြီး နေထိုင်စားသောက်ခဲ့ရတဲ့ ဘဝကိုဖြတ်သန်းရခဲ့ဖူးပါတယ်။


ဆက်နွှယ်သော သတင်းများ

မြန်မာ့လူဦးရေ သုံးပုံတစ်ပုံခန့် ဆင်းရဲနွမ်းပါးနေ

အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ

ရန်ကုန်မြို့က ကျပ်တစ်ထောင်တန် ထမင်းဆိုင်


ဒါကြောင့် သူ့လို အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ပြီး၊ ပြီးခဲ့တဲ့ နှစ်ဆန်းကစလို့ ဒီထမင်းဆိုင်ကို ဖွင့်နေတာလို့ ပြောပြပါတယ်။

"ဆိုင်စဖွင့်တာ တစ်လပိုင်း ကိုးရက် ၂၀၂၄ တုန်းက စဖွင့်တယ်။ ဆိုင်စဖွင့်ကတည်းက အသီးအရွက်၊ အသားငါးကို တစ်ပွဲငါရားကျပ်ကို တစ်တန်းတည်း ရောင်းချပေးတယ်။ ဒီနေ့အချိန်အထိလည်း ဒီစျေးနဲ့ပဲ ရောင်းပေးတယ်။ ပြောင်းလဲဖို့တော့ လုံးဝမရှိပါဘူး။ စျေးတင်ပြီးတော့လည်း မရောင်းဘူး၊ လျှော့ပြီးတော့လည်း မရောင်းဘူး။ ဒါပေမဲ့ ဟင်းက အရင်လောက် မစုံတော့တဲ့အခါတွေတော့ ရှိပါတယ်"

ဒီထမင်းဆိုင်ကို တစ်ပတ်လုံး ပိတ်ရက်မရှိဖွင့်ထားပါတယ်။ ကြာသပတေးနေ့မှာတော့ ဆန်တစ်အိပ်ချက်နဲ့ အသားငါးအသီးအရွက် တစ်မျိုးစီချက်ပြီး စတုဒိသာကျွေးတဲ့အတွက် လူမျိုးဘာသာမရွေး လာပြီးသုံးဆောင်နိုင်ပါတယ်လို့ မလုလုက ပြောပါတယ်။

ဒီလိုလုပ်နိုင်တာကလည်း သူတစ်ယောက်တည်းကြောင့်မဟုတ်ဘဲ ဝန်ထမ်းသုံးဦးနဲ့ အသိမိတ်ဆွေတွေ တက်တက်ကြွကြွ ကူညီနေတဲ့အတွက်ကြောင့်လို့ သူက ပြောပါတယ်။ ဘာကြောင့် ဟင်းတစ်ပွဲ ငါးရာနဲ့ရောင်းနိုင်တာလဲဆိုတော့

"ငါးရာကျပ်နဲ့ ဘာလို့ရောင်းနိုင်တာလဲဆိုတော့ လုလု စေတနာကြောင့်လည်း ရောင်းနိုင်တာပါ။ လုလုတို့လို အခြေခံလူတန်းစားတွေကို တစ်နပ်စာလေး အဆင်ပြေစေချင်တယ်။ ဝမ်းရေးအတွက် ထမင်းတစ်လုပ်ရဲ့ တန်ဖိုးကို ကောင်းကောင်းနားလည်တဲ့အတွက်ကြောင့်မို့ ကိုယ့်လိုအခြေခံလူတန်းစားတွေကို အဆင်ပြေစေချင်တဲ့ ဆန္ဒနဲ့ပဲ ငါးရာကျပ်နဲ့ပဲ ရောင်းချပေးတာပါ”

လက်ရှိကုန်စျေးနှုန်းက ကန်စွန်းရွက်တစ်စည်း တစ်ထောင်ကျော်၊ ဘဲဥတစ်လုံး ခြောက်ရာဖြစ်နေပါတယ်။ ဒါကြောင့် ဒီဆိုင်မှာ အမြဲလိုလို လာစားဖြစ်တယ်လို့ ဖောက်သည်တစ်ဦးဖြစ်တဲ့ မအိအိခိုင်က ပြောပါတယ်။

ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ငွေလဝန်း ငါးရာကျပ်တန် ထမင်းဆိုင်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ငွေလဝန်း ငါးရာကျပ်တန် ထမင်းဆိုင်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

"သေသပ်တယ်၊ အသားငါး ပါတယ်၊ အရွက်လည်း ပါတယ်၊ ပြီးတော့ ဟင်းရည်သောက်၊ ငါးပိရည်၊ တို့စရာအစုံ ဖွယ်ဖွယ်ရာရာ ပါတဲ့အတွက်ကို ကျွန်မတို့က တန်လို့လာစားတာဖြစ်ပါတယ်ရှင့်၊ အခုဟာက ကုန်စျေးနှုန်းတက်နေတဲ့အချိန်မှာ တစ်ထောင်နဲ့လည်း စျေးကဝယ်လို့လည်း မရဘူးလေ၊ အဲဒါကြောင့် တန်လို့ကို ဒီမှာ လာစားရတာဖြစ်ပါတယ်ရှင့်"

အပြင်မှာကုန်စျေးနှုန်းတွေ ဘယ်လောက်ပဲတက်တက် ငွေလဝန်းထမင်းဆိုင်ရဲ့ စျေးနှုန်းကို မပြောင်းလဲဘဲ ဆက်ရောင်းနိုင်အောင် ကြိုးစားနေမယ်လို့ မလုလုက ပြောပါတယ်။

“ဒီဆိုင်လေး ရေရှည် ငါးရာကျပ်နဲ့ ရောင်းနိုင်ဖို့ရယ်၊ ဆိုင်ထိုင်စား ကိုးရာကျပ်နဲ့ ရောင်းနိုင်ဖို့ရယ်၊ ကြာသပတေးနေ့တိုင်း လှူနိုင်ဖို့ကို လုလုက အများကြီးကြိုးစားသွားဦးမှာပါ၊ ရေရှည်ဖြစ်နိုင်ဖို့အတွက်ကိုတော့ မဖြစ်နိုင်တဲ့ကြားကနေ ဖြစ်နိုင်အောင် ကြိုးစားသွားပါ့မယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။