ထိုင်းနယ်စပ်ရောက် မြန်မာကျောင်းသားတွေ ပညာသင်ဖို့ အထက်တန်းကျောင်းဖွင့်လှစ်

ထိုင်း-မြန်မာ နယ်စပ်ကိုရောက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေး ပရဟိတ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း PVAE (People Volunteer Association For Education) က GED အထက်တန်းပညာသင်ကျောင်း ကို မဲဆောက်မြို့မှာ ဇန်နဝါရီလ ၆ ရက်က ဖွင့်လှစ်လိုက်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ CDM ဆရာ၊ဆရာမတွေ၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းကျောင်းပညာရေးက ဆရာဆရာမတွေ ၊ Grace Church ခရစ်ယာန်အသင်းတော်က တာဝန်ရှိသူတွေက သင်ကြားပေးပါတယ်။

GED ဟာ General Education Development အထွေထွေပညာရေးဖွံဖြိုးရေး အတိုကောက် ဖြစ်ပြီး သူ့လက်မှတ်ဟာ အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှပါတယ်။

ဒီကျောင်း တက်ရောက်လို့ အဆင့်မှီရင် ထိုင်းတက္ကသိုလ်တွေနဲ့ အမေရိကန် တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့ ထိုင်းနိုင်ငံက ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ PVAE ထူထောင်သူဆရာဦးအောင်မျိုးက RFA ကိုပြောပါတယ်။

"GED scholarship အောင်သွားပြီးဆိုရင် scholarship (ပညာသင်ဆု) ရရင်တော့ ကျွန်တော်တို့ ထိုင်းတက္ကသိုလ်တွေမှာ၊ တတိယနိုင်ငံ အမေရိကန်တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြားခွင့်ရှိပါတယ်၊ ဗမာပြည်ကလာတဲ့ ကလေးတွေအတွက်ကလည်း ကျွန်တော်တို့ ဒီမှာ GED ပြီးတာနဲ့ ထိုင်းတက္ကသိုလ်မှာ တက်ရောက်ခွင့် အခွင့်အလမ်းရှိပါတယ်၊ ကျွန်တော်တို့က ဒီကလေးတွေကို ဘော်ဒါထားမယ်ဆိုလို့ရှိရင် စားဝတ်နေရေးအဆင်ပြေအောင် အလှူရှင်တွေရှာရမှာဖြစ်တယ်၊ အထောက်အပံ့ပြုတဲ့ NGO donor လေးတွေနဲ့ ဆက်လက်ကြိုးစားသွားဖို့အစီအစဉ်ရှိပါတယ်၊ Grace Church Missionary အဖွဲ့က သင်းအုပ်ဆရာက ကျွန်တော်တို့ကို ကမ်းလှမ်းပါတယ်ပေါ့နော်၊ သူတို့မှာ အရန်သင့် ကျောင်းသားအယောက် ၁၀၀ လောက် သူတို့ပြင်ဆင်ထားတဲ့ house building (အဆောက်အဦ) တွေကို နှစ်နေရာလောက် ကျွန်တော်တို့ကို လိုက်ပြတယ်၊ ကျွန်တော်တို့က ပညာရှင်ဆရာတွေနဲ့ ကျွန်တော်တို့ကျောင်းသားတွေနဲ့ စုပြီးတော့ ကျွန်တော်တို့ဒီကလေးတွေကို ပညာသင်ကြားမှာ၊ missionary ကတော့ သူတို့က ထိုင်းရဲ့ Law ဥပဒေအရ သူတို့မှာ education လုပ်ပိုင်ခွင့်ရှိတယ်၊ အဲ့ဒီထိုင်း Law ရဲ့အောက်ကနေ ကျွန်တော်တို့သွားဖို့ အစီအစဉ်ရှိပါတယ်"

ဒီကျောင်းဖြစ်မြောက်လာဖို့ ကျောင်းသားမိဘတွေနဲ့ မဲဆောက်မြို့မှာရှိတဲ့ မြန်မာပြည်သားအစုအဖွဲ့တွေက တစ်လ ဆယ်ဘတ်နှုန်းထည့်ဝင်ပြီး ရန်ပုံငွေ မတည်ထားပါတယ်။

"GED Program ကို တခြားကျောင်းမှာ ဘတ် ၁၅၀၀ ကုန်ကျပါတယ်၊ ဒီCDM သားသမီးတွေ၊ စစ်ဘေးရှောင်သားသမီးတွေ၊ နိုင်ငံရေးကြောင့် ရောက်လာတဲ့သားသမီးတွေက မတက်နိုင်ဘူး၊ မတက်နိုင်တဲ့အတွက် သူတို့ရဲ့ လစဉ်ကြေး၊ ထောက်ပံ့ကြေးကို ကျွန်တော်တို့ဘတ် ၅၀၀ နဲ့ PTA မိဘဆရာအသင်းရန်ပုံငွေနဲ့သွားပြီးတော့ ဆရာဆရာမတို့ စားဝတ်နေရေးအထောက်အပံ့တွေနဲ့ နိုင်ငံတကာမှာ မိတ်ဆွေတွေရဲ့ အကူညီ အထောက်အပံ့နဲ့ ကျွန်တော်တို့ဆက်လက်ပြီးတော့ ဒီ program ကိုသွားဖို့ အစီအစဉ်ရှိပါတယ်ဗျ"

ဆက်နွှယ်သောသတင်းများ

မဲဆောက်က မြန်မာအမျိုးသမီးတွေရဲ့ အိုချစ်ရာလက်မှုလုပ်ငန်းOpens in new window ]

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဆက်ကြုံရဦးမဲ့ အခက်အခဲများOpens in new window ]

စစ်ဘေးဒုက္ခသည်တွေကို စိတ်ဒဏ်ရာကုစားပေးနိုင်ရေး ဆွေးနွေးOpens in new window ]

ရှေ့ရေးအတွက် ကလေးတွေကို ဒီကျောင်းမှာထားတယ်လို့ ကျောင်းသားမိဘတစ်ယောက်ဖြစ်တဲ့ ဒေါ်မေဇင်က ပြောပါတယ်။

"GED ကိုထားဖို့ ဆုံးဖြတ်လိုက်တာကတော့ ဒီဆရာတွေရဲ့ သူတို့ကျောင်းရဲ Message ကိုလည်းဖတ်လိုက်တယ်၊ ပြီးတော့ ဒီGED ကိုထားဖို့ ဘယ်လိုစိတ်ကူးရလဲဆိုတော့ ဒီမှာက သူတို့ကို ဒီGED ကျောင်းတက်မယ်၊ စာကြိုးစားမယ်ပေါ့၊ သူတို့လည်း တကယ်ပဲ ဝင်ခွင့်နဲ့ အောင်ခဲ့မယ်ဆိုရင် ဒီမှာက နိုင်ငံတကာတက္ကသိုလ် တက်ဖို့အတွက်အခွင့်အလမ်းရှိတယ်၊ သူတို့နိုင်ငံတကာတက္ကသိုလ်တက်ခဲ့မယ်ဆိုရင် ဘာပဲပြောပြော ကျွန်မတို့နိုင်ငံအတွက် ပညာတက်လူငယ်တွေပဲလေနော်၊ တိုင်းပြည်အတွက် သူတို့တစ်ထောင့်တစ်နေရာကပါပြီးတော့ လုပ်နိုင်မှာပါ၊ ဒါကြောင့် ဒီမှာတက်ဖို့ ဆုံးဖြတ်လိုက်တာပါ"

စတုတ္ထတန်းတက်နေတုန်း စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်ကို မိသားစုနဲ့ ရောက်လာတဲ့ မဖူးသစ်နေခြည်က ဒီကျောင်းတက်ရတဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

"မြန်မာပြည်မှာတုန်းက ၄ တန်းတက်ခဲ့ပါတယ်၊ ဒီရောက်တော့ migrant (နေရပ်ရွှေ့ပြောင်းသူ) ၇ တန်းကို ဆက်တက်ပါတယ်၊ အဲဒါပြီးတော့ နောက်ထပ်တက်ဖို့က အဆင်မပြေတော့ အကြာကြီးဖြစ်နေတော့ GED ဘက်ကို ကြိုးစားပြီး Join (လာတက်) ဖြစ်ပါတယ်၊ သမီး GED ဆက်တက်ပြီးရင် နိုင်ငံတကာ တက္ကသိုလ်တွေကို သွားမယ်ပေါ့နော်၊ ပြီးကျရင် သမီးအသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို ရှာလုပ်ပါမယ်၊ ကိုယ်လုပ်နိုင်တဲ့ ပညာရေးကိုလုပ်ပါ၊ Youtube ကလည်း ရှာလုပ်လို့ရပါတယ်၊ တစ်ခုခုကိုလုပ်ပါ၊ fighting ပါ"

ဆရာ ဆရာမ အယောက် ၄၀ က သင်ကြားပေးနေတဲ့ ဒီကျောင်းဖွင့်စမှာ GED နဲ့ Pre GED အတန်းမှာ ကျောင်းသူကျောင်းသား အယောက်၂၀ ကျော် တက်ရောက်နေပြီး ကျောင်းသားသစ်တွေကိုလည်း လက်ခံနေပါတယ်။