မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဆက်ကြုံရဦးမဲ့ အခက်အခဲများ
2025.01.02

၂၀၂၄ ခုနှစ်ဟာ စစ်ကောင်စီဘက်ကရော ထိုင်းအစိုးရဘက်ကပါ ချမှတ်ခဲ့တဲ့ မူဝါဒအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတော်ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ်ခွင့်ဗီဇာအတွက် ၂၀၂၅ ဖေဖော်ဝါရီထဲမှာ ပန်းရောင်ကတ် သက်တမ်းတိုးတာနဲ့ အသစ်လျှောက်တဲ့ လုပ်ငန်းစဥ်တွေ လုပ်ဖို့ရှိနေပါတယ်။
ဒီအတွက် ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ဗီဇာ နှစ်နှစ်သက်တမ်းတိုးတာ အပါအဝင် အဆင့်တိုင်းအတွက် ဘတ် ၃၇၀၀ တရားဝင် သတ်မှတ်ထားပေမဲ့ အနည်းဆုံး ဘတ်တစ်သောင်းကနေ အများဆုံး ဘတ် ၁၈,၀၀၀ ခန့်အထိ အဆမတန် ကောက်ခံနေတဲ့ သက်တမ်းတိုးဝန်ဆောင်မှု အေဂျင်စီတွေလည်း ရှိပါတယ်။
“အစိုးရပေါက်စျေးအတိုင်း လုပ်ပေးကြတဲ့ တချို့အလုပ်ရုံပိုင်ရှင်တွေရှိပေမဲ့ အရေအတွက်တော့ နည်းပါတယ်”
ဒါကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ တတိယပတ်အတွင်း ထိုင်းနိုင်ငံခရိုင် ဆယ်ခုကျော်က အလုပ်ရုံ တစ်ရာကျော်က အလုပ်သမားတွေ အလုပ်သမားကတ် သက်တမ်းတိုးခ လျှော့ချပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။
“မိမိရဲ့လုပ်အားခကို ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတာကို အလုပ်သမားတွေက သိလာတယ်။ မျက်စိပွင့် နားပွင့်လာတယ်။ အလုပ်ရှင် အေဂျင်စီတွေဆီမှာ တောင်းဆိုတယ်။ နှစ်ဆ၊ သုံးဆထိ အမြတ်တင်ထားခံရတဲ့ အလုပ်သမားတွေရှိတဲ့ အလုပ်ရုံတွေက အခုလိုမျိုး လူစုလူဝေးနဲ့ တောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီသက်တမ်းတိုးကာလမှာ တောက်လျှောက် တခြားရုံတွေလည်း ဖြစ်နေမှာ သေချာပါတယ်”
တချို့အလုပ်ရှင်နဲ့ မန်နေဂျာတွေက အလုပ်သမားတွေရဲ့ အခက်အခဲတွေကို မသိကြဘဲ အခုလို ဆန္ဒထုတ်ဖော်ကြမှ သူတို့ငှားရမ်းထားတဲ့ ဝန်ဆောင်မှု အေဂျင်စီတွေက ဝန်ဆောင်ခစျေးနှုန်းတွေ အဆမတန် တင်ထားတာကို သိကြတာမျိုးလည်း ရှိတယ်လို့ သူကပြောပါတယ်။
အစိုးရပေါက်စျေးအတိုင်း လုပ်ပေးကြတဲ့ တချို့အလုပ်ရုံပိုင်ရှင်တွေရှိပေမဲ့ အရေအတွက်တော့ နည်းတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က သက်တမ်းတိုးခ ဘတ် ၁၀,၅၀၀ ကနေ ၇၅၀၀ ထိ လျှော့ပေးအောင် တောင်းဆိုအောင်မြင်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင် ကားတာယာစက်ရုံက အလုပ်သမားခေါင်းဆောင် ကိုချမ်းမြေ့အောင်ကလည်း ဘဝတူ တခြား ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုယ့်အခွင့်အရေးအတွက် သတ္တိရှိရှိ တောင်းဆိုစေချင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ တစ်စက်ရုံတည်းတော့ မဖြစ်ချင်ဘူး။ ထိုင်းနိုင်ငံမှာရှိသမျှ စက်ရုံတွေ အကုန်လုံးကို ဖြစ်စေချင်တယ်။ ကျွန်တော်တို့လို သတ္တိရှိစေချင်တယ်။ ပြောရဲဆိုရဲ ဖြစ်စေချင်တယ်”
အခုလို အလုပ်သမားတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို လက်ခံပြီး သက်တမ်းတိုးခ စျေးလျှော့ပေးတဲ့ စက်ရုံတွေရှိသလို မလိုက်လျောဘဲ ထိုင်းအာဏာပိုင်တွေကို တိုင်ကြားဖမ်းဆီးပြီး အလုပ်ထုတ်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာ မဲဆောက်မြို့နဲ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တွေမှာ ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး ထိုင်းနိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
၂၀၂၄ သြဂုတ် ၂၈ ရက်ကထုတ်ပြန်တဲ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်အရ မြန်မာအလုပ်သမားတွေဟာ သက်တမ်းတိုးတဲ့အခါ စစ်ကောင်စီကို ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးရမှာဖြစ်သလို လစာရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာနိုင်ငံကို တရားဝင် ပြန်လွှဲထားတဲ့ အထောက်အထားပြရမှာဖြစ်ပြီး ကိုယ်ရေးအချက်အလက်တွေလည်း ပေးရမှာဖြစ်ပါတယ်။ အဲဒါကလည်း မြန်မာအလုပ်သမားတွေအတွက် စိတ်ဖိစီးစေတဲ့ အခက်အခဲဖြစ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ထိုင်းရောက် မြန်မာတွေရဲ့ တစ်နှစ်အတွင်း အခက်အခဲနဲ့ ရုန်းကန်မှုများ
ရွှေ့ပြောင်းကလေးတွေကို ပညာသင်ခွင့်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို
ထိုင်းနိုင်ငံထဲ နယ်စပ်ဂိတ်ကဝင်လာသူတွေကို ဗီဇာတိုးမပေးတော့
ဒီလိုတွေ ပေးဆောင်ဖို့ ဖိအားပေးနေပေမဲ့ MOU စနစ်နဲ့ တရားဝင်လာတဲ့ အလုပ်သမားတွေအပေါ် အေဂျင်စီတွေဘက်က တာဝန်ယူမှုမရှိသလို ထိုင်းနိုင်ငံမှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးကလည်း တာဝန်ယူမှုမရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
“စစ်မှုထမ်း ဥပဒေနဲ့အတူ မြန်မာပြည်တွင်းက လူငယ်တွေက ရတဲ့နည်းလမ်းတွေနဲ့ ထွက်ကြတယ်။ MOU နဲ့ ထွက်တဲ့သူလည်းရှိတယ်။ အောက်လမ်းတွေက ထွက်တဲ့သူတွေလည်း ရှိတယ်။အေဂျင်စီတွေကလည်း လူရရင် ပြီးတာပဲ စာချုပ် အမြန်ချုပ်တယ်။ ဒီဘက်မှာ အလုပ်တွေ မရှိဘူး။ ထိုင်းထဲမှာ ရောက်နေသူတွေတောင် အလုပ်လက်မဲ့ဖြစ်နေတဲ့ အနေအထားမှာ နောက်ထပ် အသစ်သစ်သော MOU တွေဟာ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာပေါ့”
ဒီလို စာချုပ်ထဲကအတိုင်း အလုပ်မရတာကြောင့် အလုပ်သစ် ရှာကြတဲ့အခါ ပွဲစားတွေ၊ အေဂျင်စီတွေရဲ့ လိမ်လည်မှုတွေလည်း ကြုံကြရတယ်လို့ သူက ဆက်ပြောပါတယ်။
အရင်နှစ်တွေထက် ဒုက္ခရောက်တဲ့သူတွေ ပိုများလာတယ်လို့ ကိုရဲမင်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမား ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးကျော်နီကတော့ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေနဲ့ ပူးပေါင်းကူညီနေတယ်လို့ ပြောပါတယ်။
“၂၀၂၄ အတွင်းမှာ ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမားတွေအတွက် အဓိက ဆောင်ရွက်ပေးတာကတော့ တိုင်ကြားယန္တရားထူထောင်ပြီး အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြဿနာတွေ နစ်နာမှုတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကူညီဖြေရှင်းပေးနေတာတွေ ရှိတယ်။ ၂၀၂၅ ထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကူညီဖြေရှင်းပေးနေတာ ထပ်တိုးဆောင်ရွက်ဖို့ရှိသလို စစ်ကောင်စီရဲ့ အဓမ္မ ငွေကြေးဖြတ်တောက်မှုတွေ၊ အလုပ်သမားတွေရဲ့ အထောက်အထားကိစ္စ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာတွေ ဒါတွေနဲ့ပတ်သက်ပြီး ကူညီနိုင်မယ့် အစီအစဥ် ရှိပါတယ်”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ ပေးပို့တာတွေ မလုပ်ဖို့ ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုထားပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၈ သန်းရှိပြီး အခု ခုနစ်သန်းကျော်နေပြီလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အဲဒီအလုပ်သမားတွေဟာ ၂၀၂၅ မှာလည်း အခက်အခဲအများအပြားကို ဆက်လက်ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။