ထိုင်းနိုင်ငံထဲ နယ်စပ်ဂိတ်ကဝင်လာသူတွေကို ဗီဇာတိုးမပေးတော့
2024.10.25

ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းကြောင်းနဲ့ ဝင်လာသူတွေကို နေထိုင်ခွင့် ဗီဇာတိုးပေးတာနဲ့ ဗီဇာပြောင်းလဲလျှောက်ထားခွင့် မပြုတော့ဘူးလို့ ဗီဇာဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ လူဝင်မှု ကြီးကြပ်ရေးက ဗီဇာဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။
“သူတို့ဘက်က ဒီလိုမျိုးနဲ့ ဝင်လာလို့မရဘူးဆိုရင်လည်း on arrival (ဆိုက်ရောက်ဗီဇာ) နဲ့ ၁၄ ရက် လေယာဥ်နဲ့ပဲ ဝင်လာကြတယ်"
တရားဝင် ထုတ်ပြန်ကြေညာတာ မဟုတ်ဘဲ ဗီဇာဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေကိုသာ အကြောင်းကြားထားတာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်တွင်းက လူငယ်အများအပြားဟာ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်လာကြတာဖြစ်ပေမဲ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး နောက်မှာတော့ နီးစပ်ရာထိုင်းနိုင်ငံကို ရွေးချယ်ပြီး ထွက်လာကြတဲ့သူ ပိုပြီးတော့ များလာပါတယ်။
ဆက်နွှယ်သော သတင်းများ
ထိုင်းကို အသက်နဲ့ရင်းပြီးသွားနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ပိုများလာ
ရက် ၁၂ဝ စီမံကိန်းကာလအတွင်း မြန်မာအလုပ်သမား နှစ်သိန်းကျော် ဖမ်းဆီးခံရ
ထိုင်း အလုပ်သမား ဥပဒေသစ်ကြောင့် မြန်မာလူငယ်တွေ အခက်တွေ့နိုင်
မြန်မာနိုင်ငံထဲမှာ ကောင်းကောင်းမွန်မွန်နေလည်း စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးနေတာကြောင့် နေလို့မရတော့တဲ့အတွက် ထိုင်းနိုင်ငံကို ထွက်လာရတယ်လို့ ထိုင်းနိုင်ငံချင်းမိုင်မြို့ကို ခေတ္တရောက်နေတဲ့ ကိုအောင်ကျော်က RFA ကို ပြောပါတယ်။
“ငွေရှာရခက်တဲ့ တိုင်းပြည်က စစ်မီးတောက်နေတဲ့ကာလမှာ လူငယ်တွေအကုန်လုံးက ကိုယ့်တိုင်းပြည် မြန်မာနိုင်ငံထဲမှာ ဘယ်လိုမှနေလို့ မရတော့ဘူး။ ကောင်းကောင်းမွန်မွန်နေလည်း အကြောင်းအမျိုးမျိုး ပြပြီးတော့ စစ်မှုထမ်းဥပဒေကြောင့်ပဲဖြစ်ဖြစ်၊ မဲမဲမြင်ရာအကုန် ဖမ်းချင်သလိုဖမ်း၊ ဆီးချင်သလို ဆီးနေတဲ့အခါမျိုးမှာ ဘယ်လိုမှ တိုင်းပြည်မှာနေလို့ မရတော့ဘူး။ မဖြစ်မနေ တခြားနိုင်ငံကို သွားရတယ်။ အထူးသဖြင့် နီးစပ်ရာ ထိုင်းနိုင်ငံကို လာရတယ်”
ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဂိတ်တွေကနေ ဝင်လာရာမှာ သံရုံးတွေကနေတစ်ဆင့် Tourist Visa လို့ခေါ်တဲ့ အလည်အပတ်ဗီဇာ နှစ်လလျှောက်ထားပြီး ဝင်လာလို့ရသလို၊ border pass လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်ခွင့် ရက်အလိုက်ပေးတဲ့ ကတ်တွေနဲ့ တရားဝင် ဝင်လာကြသူတွေ များတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီက ပြည်ပထွက်ခွာသူတွေကို လေဆိပ်မှာတင် အကြောင်းအမျိုးမျိုးပြပြီး ပြန်လွှတ်တာ အပါအဝင် ပြည်ပထွက်ခွာဖို့ ခက်ခဲကြတာကြောင့် အများစုဟာ တရားဝင် ဗီဇာတွေ လျှောက်ထားပြီး နယ်စပ်ကနေ ဝင်ရောက်ကြပါတယ်။
တခြားနိုင်ငံကို ရောက်လာတဲ့အခါမှာလည်း ရောက်ရှိနေတဲ့ နိုင်ငံရဲ့ ဥပဒေတွေအတိုင်း လိုက်နာပြီးတော့ တရားဝင် နည်းလမ်းနဲ့နေထိုင်နေပေမဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးက အခုလို ကြပ်တည်းအတွက် မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေဟာ ပိုဆိုးလာတယ်လို့ ကိုအောင်ကျော်က ပြောပါတယ်။
“အဲဒီလိုလာတဲ့အခါမှာ ဘယ်သူမှ ဒီဘက်ကို shopping ဈေးဝယ်ထွက်ကြတာ မဟုတ်ဘူး။ ပျော်လို့လာကြတာ မဟုတ်ဘူး။ မဖြစ်မနေ ကိုယ့်အိမ်မှာနေလို့မရလို့ တခြားအိမ်မှာလာနေရတာ ဆိုတော့ အဲဒီအချိန်မှာ ထိုင်းအစိုးရဘက်က နည်းဥပဒေတွေ ထိုင်းလဝကဘက်က တစ်ရစ်ပြီးတစ်ရစ်တင်းကျပ်တော့ မြန်မာနိုင်ငံသားတွေမှာက ဆိုးပြီးရင်း ဆိုးနေတာပေါ့နော်”
ချင်းမိုင်မြို့မှာရှိတဲ့ ထိုင်း လူဝင်မှု ကြီးကြပ်ရေးက အခုလို အကြောင်းကြားထားပေမဲ့လည်း ဘန်ကောက်မြို့က ထိုင်း လဝကရုံးတွေမှာတော့ ဗီဇာသက်တမ်းတိုးတာနဲ့ ဗီဇာသက်တမ်း ပြောင်းလဲလျှောက်ထားနိုင်တယ်လို့ ဗီဇာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
“သူတို့ဘက်က ဒီလိုမျိုးနဲ့ ဝင်လာလို့မရဘူးဆိုရင်လည်း on arrival (ဆိုက်ရောက်ဗီဇာ) နဲ့ ၁၄ ရက် လေယာဥ်နဲ့ပဲ ဝင်လာကြတယ်။ ထိုင်းမှာရောက်လာရင် သံရုံးထောက်ခံစာဖြစ်ဖြစ်၊ ကောင်စစ်ဝန်ရုံး ထောက်ခံစာဖြစ်ဖြစ်ယူပြီး တစ်လသက်တမ်းလာတိုးပြီး တခြားဗီဇာပြောင်းလို့ရတယ်”
နယ်စပ်ဂိတ်ကဝင်လာသူတွေကို ဗီဇာတိုးမပေးတော့ရာမှာ မြန်မာပြည်ကဖြစ်စေ၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံတွေဘက်ကနေ ဝင်လာမယ့်သူတွေလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာတွေကတော့ မြန်မာပြည်တွင်းကို ပြန်ဖို့အခက်အခဲရှိတာကြောင့် လာအို၊ ကမ္ဘောဒီးယားအစရှိတဲ့ နိုင်ငံတွေရဲ့ သံရုံးတွေမှာ ဗီဇာအသစ် လျှောက်ထားပြီးတော့ဖြစ်စေ၊ ဗီဇာသက်တမ်းတိုးပြီးတော့ဖြစ်စေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာကြတာပါ။
တရားဝင်လမ်းကြောင်းနဲ့ ငွေကြေးသက်သာချင်တဲ့အတွက် နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ကုန်းလမ်းကြောင်းကို ရွေးချယ်ပေမဲ့ အခုအခါမှာတော့ ငွေကုန်ကြေးကျ ပိုများလာမဲ့အပြင်၊ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် မြန်မာတွေ ပိုများလာဖို့ တွန်းပို့နေသလိုဖြစ်နေတယ်လို့ ချင်းမိုင်ရောက် မြန်မာတွေက ပြောကြပါတယ်။