ငြိမ်းချမ်းရေးကိုရှာဖွေတဲ့ စိတ်ကျန်းမာရေးညီလာခံ
2025.01.25

စိတ်ကျန်းမာရေးအားကောင်းတဲ့ လူထုအသိုင်းအဝိုင်းဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ကျန်းမာရေးညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ Jue Jue’s Safe Space နဲ့ Chiang Mai University တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။
ဒီညီလာခံကို ငြိမ်းချမ်းရေးကိုရှာဖွေခြင်းလို့အမည်ပေးထားပြီး တစ်ဦးချင်းစီရဲ့ ရင်တွင်းငြိမ်းချမ်းရေး (Inner Peace)၊ လူထုအတွင်း ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်း (Community Peace and Resilience) နဲ့ ပြည်တွင်းငြိမ်းချမ်းရေး (National Peace) ဆိုတဲ့ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တာပါ။
အကျပ်အတည်းကာလမှာ စိတ်ကျန်းမာရေးကောင်းတဲ့ မြန်မာလူထု၊ မြန်မာအသိုင်းအဝိုင်းထူထောင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း Jue Jue’s Safe Space တည်ထောင်သူ ဟာဝိုင်အီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် မဂျူဂျူးမင်းသူက ပြောပါတယ်။
“လူတိုင်းက ဖိအားတွေ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အခြေအနေ ကျပ်တည်းတဲ့ကာလမှာ ကျွန်မတို့က စိတ်ကျန်းမာရေးကောင်းမှ စစ်မှန်တဲ့ မှန်ကန်တဲ့ ငြိမ်းချမ်းရေးစကားတွေကိုပြောလို့ရမှာ။ လမ်းစဥ်တွေကိုသွားလို့ရမှာ။ အဲတော့ ဒီလိုမျိုး ကျွန်မတို့လုပ်နေတဲ့အလုပ်တွေက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စိတ်ကျန်းမာရေးအားကောင်းတဲ့မြန်မာလူထုကို မြန်မာအသိုင်းအဝိုင်းကို ထူထောင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်ရှင်”
လက်ရှိမြန်မာနိုင်ငံရဲ့အကျပ်အတည်းကာလအတွင်း ထိခိုက်မှုအမြင့်ဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်တဲ့ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ မိမိကိုယ်ကိုနာကျင်အောင်ပြုလုပ်သူတွေအတွက် ၂၄ နာရီစိတ်ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ သေကြောင်းကြံစည်မှုကာကွယ်တားဆီးရေးအစီအစဥ်ကို ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပက်သက်လို့ မဂျူဂျူးမင်းသူက...
“အဓိကကတော့လေ ကျွန်မတို့ဆီကိုရောက်လာတဲ့လူတော်တော်များများက တကယ်မသေချင်ကြဘူး။ မျှော်လင့်ချက်လုံးဝမရှိတော့ဘူး။ ကိုယ့်ကိုကိုယ်တကယ်အဆုံးထိစီရင်တော့မယ်ဆိုရင် သူတို့မလာတော့ဘူး။ လုပ်ပြီးသွားပြီ။ အဲတော့ ကျွန်မတို့ဆီမှာလာရောက်ပြီးတော့ အကူအညီတောင်းတဲ့သူတွေက သေချင်စိတ်တော့ဖြစ်နေတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ရှိနေတယ်။ ငါ့ကိုနားလည်ပေးနိုင်တဲ့ သူကိုငါစကားပြောခွင့်ရမယ်ဆိုရင်ဆိုတဲ့ အသိစိတ်နဲ့ကျွန်မတို့အဖွဲ့အစည်းကိုရောက်လာကြတာပေါ့နော်။ Jue Jue Safe Space မှာ အဲဒီကောက်ရိုးလေးတမျှင်ကိုသွားပြီးဆွဲထားမယ်ဆိုရင် ငါစိတ်သက်သာရာရသွားမယ်ဆိုတဲ့အသိနဲ့လာကြတဲ့အခါကျတော့ သေဆုံးသွားတဲ့ case တွေတော့ ကျွန်မတို့ဆီမှာမရှိသေးဘူး”
ဆက်နွှယ်သောသတင်းများ
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားများ
စစ်ဘေးဒုက္ခသည်တွေကို စိတ်ဒဏ်ရာကုစားပေးနိုင်ရေး ဆွေးနွေး
Joy Fest ဂီတပွဲကရန်ပုံငွေတွေ စစ်ဘေးဒုက္ခသည်စခန်းတွေဆီ လှူဒါန်းမည်
အကျပ်အတည်းကာလမပြီးမြောက်ခင်ကတည်းက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြံ့ခိုင်နေမှသာ ကိုယ်တိုင်ရောပတ်ဝန်းကျင်ကိုပါ ကာကွယ်နိုင်မယ်လို့ ညီလာခံမှာတက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့အခြေစိုက် Joy House (ပီတိအိမ်) ရဲ့ တာဝန်ခံ မနေခြည်ဝင်းက ပြောပါတယ်။
“အခုမှလုပ်ရမယ့်ဟာမဟုတ်ဘူး။ ဒီအကျပ်အတည်းကာလပြီးသွားတဲ့အခါကျမှ လုပ်ရမယ့်ဟာမဟုတ်ဘူး။ ကျွန်မတို့တောက်လျှောက်လုပ်နေပြီး ကြံ့ခိုင်နေမှသာ ကျွန်မတို့ကျန်းမာရင် ကျွန်မတို့ဘေးနားကလူကျန်းမာမယ်။ ကျွန်မတို့မိသားစုကျန်းမာမယ်။ ကျန်းမာတဲ့မိသားစုက ကျန်းမာတဲ့မိသားစုကိုပြန်ပြီးကာကွယ်နိုင်မယ်ဆိုတဲ့ အရာမျိုးကိုသိတဲ့အခါမှာ ကျန်းမာသန်စွမ်းတဲ့အဖွဲ့အစည်းတခုရှိသွားတယ်။ အဲဒီကနေမှ နောက်ထပ်အဖွဲ့အစည်းတစ်ခုကို ထပ်ပြီးဆပွားမယ်ပေါ့နော်၊ အဲတာတွေကို ကျွန်မတို့အတူတူတည်ဆောက်နေကြတာဖြစ်တယ်”
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကာလအတွင်းမှာ သိသာလာတဲ့ စိတ်ကျန်းမာရေးဆိုးဝါးလာမှုတွေကို ကာကွယ်ဖို့ ဆွေးနွေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မဂျူဂျူးမင်းသူက တိုက်တွန်းပါတယ်။
“ဆိုတော့ ကျွန်မအနေနဲ့ စိတ်ကျန်းမာရေးဆွေးနွေးတယ်ဆိုတာကို ပုံမှန်အတိုင်းပဲဖြစ်စေချင်တာ။ ဒါပုံမှန်ပဲ ထမင်းစားရေသောက်ပဲဆိုတဲ့ ပုံစံမျိုးနဲ့သွားစေချင်တာ။ ကျွန်မတို့ ခဏကိုယ်ကျန်းမာဖို့ဆိုရင် gym တွေသွားကြတယ်။ workout တွေလုပ်ကြသလိုမျိုးပဲ စိတ်ကျန်းမာဖို့ဆိုရင်လည်း အစာဖြည်ပေးရတယ်။ ခေါင်းထဲမှာရှုပ်နေတာတွေကို ဖြေရှင်းပေးရတယ်"
ဒီညီလာခံကို မဂျူဂျူးမင်းသူ၊ Harvard Medical School ကနေ ဘွဲ့ရရှိထားတဲ့ စိတ်ကျန်းမာရေးအထူးကု ဒေါက်တာဖြူပန်းနုခင်နဲ့ ချင်းမိုင်တက္ကသိုလ်က စိတ်ကုထုံးပညာရှင်တွေ၊ ပြည်တွင်းပြည်ပက စိတ်ထိခိုက်ခံစားနေရတဲ့သူတွေကို နှစ်သိမ့်ဆွေးနွေးပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်ဆွေးနွေးကြပါတယ်။ ရရှိတဲ့ ရန်ပုံငွေတွေကိုလည်း စိတ်ကျန်းမာရေးအတွက် လိုအပ်နေသူတွေကို ကူညီရေး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။