Joy Fest ဂီတပွဲကရန်ပုံငွေတွေ စစ်ဘေးဒုက္ခသည်စခန်းတွေဆီ လှူဒါန်းမည်

RFA Burmese
2024.12.02
Joy Fest ဂီတပွဲကရန်ပုံငွေတွေ စစ်ဘေးဒုက္ခသည်စခန်းတွေဆီ လှူဒါန်းမည် ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့က မဲဆောက်မြို့တွင် ကျင်းပသည့် ရန်ပုံငွေတေးဂီတပွဲတွင် သီဆိုဖျော်ဖြေနေသူများ။
Photo: RFA

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် မြန်မာ၊ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုက ဂီတပညာရှင်တွေပူးပေါင်းပြီး နိုဝင်ဘာလ ၃ဝ ရက်နေ့ညက ရန်ပုံငွေတေးဂီတပွဲတစ်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ခြောက်ထောင်ကျော် ရခဲ့ပြီး စစ်ဘေးဒုက္ခသည်စခန်းတွေအတွက် လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒီပွဲကို စစ်တပ်အာဏာသိမ်းပြီးနောက် မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို စိတ်ဒဏ်ရာတွေ ကုစားပေးနေတဲ့ Joy House ကျောင်းက ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

မဲဆောက်မြို့မှာတော့ မြန်မာ-ထိုင်း ဂီတအနုပညာရှင်တချို့က အခမ်းအနားနဲ့ဖျော်ဖြေကြသလို ကျန်တဲ့ဂီတအနုပညာရှင်တွေက အွန်လိုင်းကနေတစ်ဆင့် ဖျော်ဖြေခဲ့ကြတာပါ။

ရရှိလာတဲ့အကျိုးအမြတ်တွေကို စစ်ဘေးဒုက္ခသည်စခန်းတွေဆီ လှူဒါန်းမဲ့အစီအစဉ်ကို Joy House တာဝန်ခံ မအဲလိဇဘက်ဝင်းက ရှင်းပြပါတယ်။

"ရရှိလာတဲ့အကျိုး အမြတ်တွေကို တေးဂီတအနုပညာတူရိယာတွေ ဝယ်ပြီးတော့ နယ်စပ်တစ်လျှောက်နဲ့ မြန်မာပြည်၊ ထိုင်းနိုင်ငံမှာရှိတဲ့ကျောင်းတွေ လိုအပ်တဲ့နေရာတွေဆီ စီးဆင်းဖို့အတွက် တူရိယာတစ်ထောင် လှူဒါန်းဖို့ ရည်ရွယ်ပါတယ်၊ တယောလိုအပ်တာလား၊ ဂီတာလိုအပ်တာလား၊ ပုလွေ စသည်ဖြင့်ပေါ့နော် သူတို့လိုအပ်တဲ့နေရာမှာ လှူဒါန်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်လို့"

Joy Fest ဂီတဖျော်ဖြေပွဲအတွက် တစ်နှစ်နီးပါးအချိန်ယူခဲ့တာဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ဂီတပွဲတော်ရန်ပုံငွေပွဲအတွက် အွန်လိုင်းကနေပဲလက်မှတ်တွေဝယ်ယူပြီး ကြည့်ရှုအားပေးခဲ့ကြတာဖြစ်ပါတယ်။ လက်မှတ်တစ်စောင်ကို ဆယ်ဒေါ်လာနှုန်းသတ်မှတ်ထားပြီး ပွဲမကျင်းပမီတစ်လနီးပါးမှာပဲ လက်မှတ်ပေါင်း ခြောက်ရာကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီးလုပ်တဲ့ပွဲမှာ ဂီတနဲ့ဖျော်ဖြေခွင့်ရလို့ အရမ်းကိုကျေနပ်မိတယ်လို့ မီးခြစ်အဖွဲ့က ကိုမင်းလွန်က ဆိုပါတယ်။

"စစ်ဒဏ်ကိုကြုံတွေ့နေရတဲ့ ကလေးငယ်လေးတွေရဲ့ ဂီတအားဖြင့်ပေါ့နော်။ သူတို့ရဲ့စိတ်နှလုံးကို ငြိမ်းချမ်းစေဖို့အတွက် ဒီအစီအစဉ်၊ ဒီကရလာမဲ့ အကျိုးအမြတ်တွေက အဲဒီကိုစီးဆင်းမှာဖြစ်တဲ့ အတွက်ပေါ့နော်။Music အားဖြင့် ကလေးတွေကို ဘယ်လိုမျိုးကျွန်တော်တို့ တည်ဆောက်ပေးမယ်ပေါ့နော်။ သူတို့ရဲ့ Life ကို၊ သူတို့ရဲ့လမ်းကြောင်း၊ သူတို့ရဲ့ Dream တွေကို ဘယ်လိုတည်ဆောက်ပေးမယ်။ သူတို့ရဲ့နှလုံးသားကို အထူးသဖြင့် လူသားဆန်သော နှလုံးသားတွေဖြစ်ဖို့အတွက်ပေါ့နော်’’


ဆက်နွှယ်သောသတင်းများ

နိုင်ကျဉ်းတွေရဲ့ လက်လုပ်တူရိယာတွေနဲ့ ဖျော်ဖြေတဲ့ ဂီတပွဲ ကျင်းပ

လက်မှုအနုပညာနဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ရေး ကူညီပေးတဲ့သင်တန်း

တေးဂီတပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ချင်းမိုင်မှာ ကျင်းပ


အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟက စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ပေးရမယ်လို့ ဆိုပါတယ်။

"စစ်ရှောင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကျွန်တော်တို့က လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကိုလုပ်ဖို့ လိုအပ်တယ်ပေါ့နော်၊ ကျွန်တော်တို့အခု တော်လှန်ရေးကာလ လေးနှစ်နီးပါးကာလ ရှိလာတဲ့အခါမှာ မတူကွဲပြားတဲ့ အိုင်ဒီယာတွေလည်း လိုအပ်လာတာပေ။ ဒီနေ့ ဒီလိုပွဲဆိုလည်း အဲဒီလို အိုင်ဒီယာတစ်ခုပဲလို့ ကျွန်တော်တို့ထင်တယ်ပေါ့။ နောက်တစ်ခုကျတော့ ငွေကြေးအပြင် တခြားထပ်တိုးသတင်းစကားတွေပေးနိုင်ရင်လည်း ပိုကောင်းတာပေါ့’’

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်သူတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာခဲ့ကြရပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ကိုးသောင်းနီးပါးရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။