ယင်းမာပင်မြို့နယ် ရွှေလှံရွာ စီးနင်းခံရပြီး ဒေသခံနဲ့ PDF ၁၀ ဦးသေဆုံး

ယင်းမာပင်မြို့နယ် မုံရွာခရိုင်တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
ယင်းမာပင်မြို့နယ် မုံရွာခရိုင်တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Aung San Generation Monywa)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာကို စစ်ကောင်စီတပ်သား အင်အား ၈၀ နီးပါးက အောက်တိုဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးနဲ့ ဒေသခံ တစ်ဦး စုစုပေါင်း ၁၀ ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် PDF တပ်ဖွဲ့ဝင် နှစ်ဦးလည်း ဖမ်းဆီးခံလိုက်ရပါတယ်။

မုံရွာခရိုင်တပ်ရင်း ၁၃ ( အောင်ဆန်းမျိုးဆက်) အဖွဲ့ဟာ ရွှေလှံရွာအတွင်းရှိနေချိန်မှာ မနေ့က မနက် ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်တွေက PDF တွေအသွင်နဲ့ ဝင်ရောက် စီးနင်းခဲ့တာလို့ ရွှေလှံရွာဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲကအပြန် ရွာမှာခဏညအိပ်ကြတာပေါ့။ ကာကွယ်ရေးတပ်တွေ ဝင်နားနေတဲ့ အိမ်တွေကိုပဲ အတိအကျနဲ့ လာစီးနင်းကြတာ။ အိပ်ပျော်နေတာဆိုတော့ ခုခံချိန် တောင်မရဘဲ ပစ်သတ်ခံလိုက်ရတယ်၊ လေးဦး ဒဏ်ရာရတယ်ရှိတယ်။ ကျန်တဲ့လူတွေ အကုန်လွတ်တယ်။ ကိုရဲနဲ့ မိငယ်ကို ဖမ်းသွားကြတယ်"

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ပြီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြားရှိပြီး ဖမ်းဆီးခံထားရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရဲက အသက် ၂၄ နှစ်နဲ့ မမိငယ်က အသက် ၂၁ နှစ်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦးကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ Mi 35 စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားပေမယ့် ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရွှေလှံရွာမှာ အိမ်ခြေ နှစ်ရာနီးပါးရှိပြီး လူဦးရေ ငါးရာကျော် နေထိုင်ပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ဒေသခံတွေအကုန် ခြေဦးတည့်ရာ ထွက်ပြေးခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် လူနေအိမ်ရှစ်လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။