ကန့်ဘလူမှာ အဖမ်းခံလိုက်ရတဲ့ ဒေသခံ ၁၃ ဦး အဆက်အသွယ်မရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ထဲကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေလို့ နေရပ်စွန့်ခွာထွက်ပြေးရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၁၃ ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ကိုးတောင်ဘို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဇီးကနားနဲ့ ရှော်ဖြူကုံးရွာခံ ၁၃ ဦးဟာ ဘေးလွတ်ရာ ထွက်ပြေးရင်း ဆားတောင်ပြင်တောထဲမှာ အဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုးတောင်ဘို့ ဒေသခံတစ်ဦးက RFA ကို နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ ပြောပါတယ်။

“စပြီးအဖမ်းခံရတာက ၁၈ ဦး။ ငါးဦးကတော့ ရှေ့ရက်တွေက ပြန်လွတ်လာတယ်။ သူတို့ အဖမ်းခံလိုက်ရတာ စစ်ဘေးရှောင်နေတဲ့အချိန်။ နှောကုန်းရွာအနီးမှာ စစ်ကြောင်းက ဖျောက်ပြီးတော့ ဆားတောင်ပြင်တောထဲက စစ်ဘေးရှောင်တွေကို အလစ်အငိုက်နဲ့ ဝင်ဖမ်းသွားတာ။ အခုချိန်အထိတော့ အဲဒီ ၁၃ ဦးနဲ့ အဆက်အသွယ် မရသေးပါဘူး”

ကိုးတောင်ဘို့တိုက်နယ်ထဲကို စစ်ကောင်စီတပ်သားတွေ နေ့စဉ်စစ်ကြောင်းထိုးနေတာ ကြောင့် ရွာပေါင်း ၉ ရွာက ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခြား ကိုးတောင်ဘို့ဒေသခံ အချို့ကတော့ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်လိုက်ပြီလို့ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ကိုးတောင်ဘို့တိုက်နယ်ထဲက ဇီးကနားရွာကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် (၆၀) ကျော် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကို ပြောပါတယ်။