လောင်းလုံးမြို့မှာ အရပ်သား ၁၅ ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့က အရပ်သား ၁၅ ဦးကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ နယ်မြေခံရဲတွေပေါင်းပြီး လောင်းလုံးမြို့မှာ ဒေသခံတွေကို အောက်တိုဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ လိုက်လံဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုဆို ဖမ်းဆီးခံရသူက ၁၅ ယောက်ရှိမယ်။ နာမည်တွေအကုန်တော့ မသိရဘူး။ နာမည်သိရတဲ့သူတော့ သိရတယ်။ ဧည့်စာရင်းစစ်သလိုမျိုး ဝင်ဖမ်းတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရဘူး"

အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းမှာ လောင်းလုံးမြို့ပေါ်က ဦးတင်သောင်း၊ ဦးမျိုးသိန်း၊ ဒေါ်အေးမူ၊ ဒေါ်မာအေး၊ ဒေါ်စန်းမူ၊ ကိုမင်းသူ၊ မငြိမ်း၊ ကိုဖိုးသောကြာတို့ကို ဖမ်းဆီးခဲ့ ပါတယ်။

အောက်တိုဘာလ ၂၂ ရက် မနေ့မနက်ပိုင်းနဲ့ ညပိုင်းမှာတော့ လောင်းလုံးမြို့နယ် အောက်ရေဖြူရွာက အသက် ၆၀ ကျော်အရွယ် ဦးဉာဏ်ဝင်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးမြင့်နဲ့ နောက်ထပ် အမည်မသိရသေးတဲ့ အရပ်သားလေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးဒေသခံက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ထောက်ခံသူတွေ ဖြစ်တယ်လို့ ဒေသခံကတွေက ပြောပါတယ်။

သူတို့ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးပေမယ့် ဖမ်းဆီးခံရသူ အားလုံးကို လောင်းလုံးမြို့မ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ယခုနှစ် ဇွန်လတုန်းကလည်း လောင်းလုံးမြို့နယ်ထဲက ဒေသခံ ၂၀ ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၂၁ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၁၂,၇၁၂ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။