မြိုင်က အိမ် ၁၅ လုံးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပေါင်းပြီး မီးရှို့သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အိုးဘိုရွာနဲ့ ကန်နက်ရွာက နေအိမ် ၁၅ လုံးကို စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပျူစောထီးအဖွဲ့ဝင်တွေ စက်တင်ဘာလ ၅ ရက်နေ့ မနေ့က ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ဒီကနေ့ RFA ကို ပြောပါတယ်။

ကန်နီရွာမှာ စခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၆၀ ဝန်းကျင်က ဝင်ရောက်မီးရှို့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၁၀ နာရီလောက်က ရွာကို ဝင်တာပေါ့ ။ နေ့လည် ၁၂ နာရီကျတော့ အိုးဘိုက ၁၄ အိမ် မီးရှို့သွားတယ်။ ရှို့တာတော့ လေးဘက်လေးတန် ရှို့တာပေါ့။ လေမတိုက်လို့ မကူးတာ။ သူတို့ ထွက်သွားတော့မှ ဝင်ငြှိမ်းရတယ်။သူတို့ အဲ့ကနေကန်နီကို အပြန်လမ်းမှာ ကန်နက်ရွာဝင်ပြီးတော့ နေအိမ်တစ်လုံးပါ မီးရှို့သွားတယ်ဗျ"

စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ အဲဒီရွာတွေအနီးမှာ တိုက်ပွဲတွေ မဖြစ်ဘဲ တမင်ဝင်ရောက် မီးရှို့တာလို့ ပြောပါတယ်။

ကန်နက်ရွာက အိမ်ခြေ ၁၂၅ အိမ်နဲ့ အိုးဘိုရွာက ၁၇၀ ဝန်းကျင် ရှိပြီး ဒေသခံတွေဟာ ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။

ဒီကနေ့ မနက်မှာလည်း အဲဒီရွာတွေနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ လက်ထုတ်တောနဲ့ ရွှေလင်းဆွဲ ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုက ဝင်ရောက်မွှေနှောက်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေက အိုးဘိုရွာကို ဝင်ရောက်ပြီး နေအိမ် ရှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။