ဝမ်းတွင်းဒေသခံ ၁၅၀ နီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်ကစလို့ ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းအထိ ဒေသခံ ၁၅၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဝမ်းတွင်းမြို့ခံတွေက RFA ကို ပြောပါတယ်။

ဝမ်းတွင်းမြို့က ယာယီစခန်းမှူး ရဲအုပ်စောနိုင်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးတို့ အသတ်ခံရပြီး နောက်ပိုင်း ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝမ်းတွင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ယာယီစခန်းမှူး သေပြီးတဲ့နောက်ပိုင်း အဖမ်းခံကြရတာ။ မသင်္ကာရင် ဖမ်းတယ်။ ဖုန်းတွေ စစ်ကြည့်တယ်။ ဖုန်းစစ်ကြည့်လို့ နိုင်ငံရေးနဲ့ဆိုင်တဲ့ဟာတွေ တွေ့ရင် ဖမ်းတော့တာပဲ။ မြို့ပေါ်တင် မဟုတ်ဘူးရွာ ဘက်ကဒေသခံတွေပါ အဖမ်းခံရတာ။ အဖမ်းခံရတာ လူ ၁၉၀ လောက်ရှိတယ်။ အဲထဲက ၄၀ လောက်က ပြန်လွတ်တယ်။ အခုထိမလွတ်သေးတာက လူ ၁၅၀ လောက်ရှိတယ်။ ဖမ်းတာက အရွယ်စုံပဲဗျ”

ဝမ်းတွင်းမြို့ပေါ်အပြင် ကျေးရွာတွေဖြစ်တဲ့ ဆူးဗန်း၊ ကုန်းရွာ၊ ရိုးစုံ၊ စွန်ချောင်း၊ ကျွဲသား၊ မကျီးတော၊ ကျောက်ကြီးကန်၊ တမာကုန်းရွာ စတဲ့ဒေသခံတွေပါ ဖမ်းဆီးခံခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝမ်းတွင်းမြို့ပေါ်မှာ အရပ်ဝတ်ပုံစံနဲ့အင်အား ၁၀၀ ကျော်လောက်ချထားပြီး ဖမ်းဆီးမှုတွေလုပ်နေတဲ့အပြင် စစ်ယူနီဖောင်းနဲ့လည်း လုံခြုံရေး ကင်းလှည့်နေတယ်လို့ ဝမ်းတွင်းဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီ ပြောခွင့်ရ မန္တလေးတိုင်း စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့မနက်က ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

ဝမ်းတွင်းမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က ယာယီစခန်းမှူး ရဲအုပ်စောနိုင်ဦးနဲ့ အောက်တိုဘာ ၁၇ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနဲ့ ဒေသခံ တစ်ဦးကို ဝမ်းတွင်းမြို့နယ်တော်လှန်ရေး အင်အားစု (WTRF) က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။