စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တာတိုင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် အရပ်သား ၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အသက် ၅၂ နှစ်အရွယ် ဦးမန်းရဲ့ ရုပ်အလောင်းကို တာတိုင်ရွာ နှစ်မိုင်အကွာ ရုံးသာရွာအနီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျန်တဲ့ ၁၅ ဦးကတော့ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားပြီး ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထိ အဆက်အသွယ်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာတိုင်ရွာခံတစ်ဦးက ပြောပါတယ်။
"ဖမ်းသွားတဲ့သူတွေကို သူတို့ စစ်ကြောင်းတစ်လျှောက် ခေါ်သွားတာပဲ။ ယောက်ျားလေးတွေပဲ။ အသက်မပြည့်သေးတာ သုံးယောက်ပါတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကတော့ ၁၄ နှစ်အရွယ် ကလေးတစ်ယောက်က သူ့ဦးလေးဖုန်းကို အဆက်အသွယ်လုပ်ခဲ့သေးတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရတယ်”
အဲဒီအရပ်သားတွေဟာ တာတိုင်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂ ရက်နေ့ ဝင်ရောက်စီးနင်းခဲ့ကတည်းက ဖမ်းဆီးခံလိုက်ရတာလို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ် ဖမ်းဆီးသွားသူတွေထဲမှာ အသက် ၄၆ နှစ်အရွယ် ဦးမိုး၊ အသက် ၄၃ နှစ်အရွယ် ဦးစော၊ အသက် ၄၁ နှစ်အရွယ် ဦးဉာဏ်လွင်၊ အသက် ၄၀ အရွယ် ဦးမဲနဲ့ ဦးထွန်းနိုင်ဦး၊ အသက် ၃၇ နှစ်အရွယ် ကိုသီဟ၊ အသက် ၃၆ နှစ်အရွယ် ကိုမျိုးသူ၊ ကိုဖြိုးနဲ့ ကိုရဲကို၊ အသက် ၃၅ နှစ်အရွယ် ကိုဖိုးရှမ်း၊ အသက် ၃၀ အရွယ် ကိုသိန်းသန်းဝင်းနဲ့ ကိုမောင်ဦးတို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက်မပြည့်သေးသူ သုံးဦးဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်နေဇင်၊ အသက် ၁၄ နှစ်အရွယ် မောင်မင်းခန့်၊ အသက် ၁၃ နှစ်အရွယ် မောင်ဟိနိးသူရကျော်တို့လည်း ပါဝင်ပြီး လက်ရှိအချိန်အထိ ပြန်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ တာတိုင်ရွာမှာ ဒေသခံ တစ်ဝက်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အနီးနားကရွာတွေကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မသိရှိသေးကြောင်း လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးကိုသာ မေးမြန်းစေလိုကြောင်း ပြန်လည်ဖြေဆိုပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာလကုန်ထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ရွာပေါင်း ၄၇ ရွာက နေအိမ်ပေါင်း ၁,၈၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။