အလုပ်သမားအားလုံးကို ကိုယ်စားပြုတဲ့ သမဂ္ဂအဖွဲ့ချုပ်တစ်ခုပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ ၃၉ နှစ်မြောက် ၇၄ အလုပ်သမားအရေး အခင်း နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တက်ရောက်သူတွေ က ထောက်ပြခဲ့ကြပါတယ်။
ဒီနေ့အလုပ်သမားအရေးအခင်း နှစ်ပတ်လည် အခမ်းအနားမှာ တက်ရောက်ခဲ့တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုကျော်ကိုကိုက အခမ်းအနားမှာ အခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။
"၁၉၇၄၊ ၁၉၇၅ ခုနှစ်တုန်းက အလုပ်သမားသမဂ္ဂကို တရားဝင်ဖွဲ့စည်းထားခြင်းမရှိပေမယ့် အဲတုန်းက အလုပ်သမားတွေဟာ သမဂ္ဂတစ်ခုတည်းရှိသည့်အလား တစ်နိုင်ငံလုံးမှာလှုပ်ရှားမှုတွေကို လုပ်နိုင်ခဲ့တယ်၊ လက်ရှိအခြေအနေမှာတော့ စက်ရုံထဲမှာ အလုပ်သမားသမဂ္ဂတွေ အများကြီးဖွဲ့စည်းနေပြီဖြစ်ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ခုတည်းသော အလုပ်သမားသမဂ္ဂ ပေါ်ထွက်လာခြင်းမရှိသေးတာကို ကျနော်တို့တွေ့ရပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ခုတည်းသော အလုပ်သမားသမဂ္ဂ ပေါ်ထွက်လာမှသာလျှင် အလုပ်သမားတို့ရဲ့ တောင်းဆိုချက်၊ အလုပ်သမားတို့ရဲ့ လိုအပ်ချက်တွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ တောင်းဆိုလို့ရမယ်လို့ ကျနော်တို့ထင်ပါတယ်"
ဒီနေ့အခမ်းအနားကို တတ်ရောက်လာတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း ၁၉၇၄ အလုပ်သမား အရေးအခင်း သမိုင်းအကျဉ်းကို ရှင်းပြခဲ့ပါတယ်။
၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် မေလနဲ့ ဇွန်လအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားထုကြီးဟာ အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
အဲဒီအရေးအခင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၃၉ နှစ်မြောက် အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နေ့အဖြစ် ဒီနေ့ကျင်းပကြတာဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက လူ ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။