Updated 10:38 AM, Mar 10,2024
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ဘက်က ဇီးတောရွာကို မတ်လ ၉ ရက် ဒီနေ့မနက်ပိုင်း စစ်ကြောင်းဝင်ရောက်လာပြီး နေအိမ်နှစ်ဆယ်ကျော် မီးရှို့ခဲ့သလို ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားငါးဆယ်ကျော်ပါ စစ်ကြောင်းဟာ ဇီးတောရွာကို မိုင်း၊ သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ထွက်ပြေးချိန်မရဘဲ ပိတ်မိနေတဲ့ အသက် ၃၀ အရွယ် မဇင်မာဦး ယမ်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ရွာကနေပြန်ထွက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇီးတောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးက ခြေသလုံးကို ယမ်းစမှန်တာပါ။ အသက်အန္တရာယ် စိုးရိမ်ရတာ မရှိပါဘူး။ ဆေးကုသမှု ပေးပြီးပါပြီ၊ စစ်ကြောင်းဝင်လာတဲ့အချိန် မြင်မြင်သမျှကိုပစ်တော့ ထိသွားတာ။ စစ်ကြောင်းက ဝင်ဝင်ချင်းပဲ တွေ့သမျှအိမ်တွေ အကုန်မီးရှို့တယ်။ ရှို့ရင်းနဲ့ပဲ ရွာကထွက်သွားတာဗျ"
ရွာကနေ စစ်ကြောင်းပြန်ထွက်သွားပေမယ့် ဒေသခံတွေကတော့ နေအိမ်တွေကို မပြန်ရဲသေးဘဲ အခြေအနေစောင့် ကြည့်နေကြရတယ်လို့ ဆိုပါတယ်။
နေအိမ်နှစ်ရာနီးပါး လူဦးရေ ခုနစ်ရာကျော်ရှိတဲ့ ဇီးတောရွာဟာ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပါပြီ။
မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ၇၈,၇၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
(မှတ်ချက်။ မူလသတင်းတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် အစား လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ဟု ပြင်ဆင်ရေးသားထားပါသည်။)