ဆန္ဒပြကျောင်းသားများ ချီတက် လမ်းကြောင်းမှာ ရဲအင်အား ၂၀၀ လောက် ချထား

0:00 / 0:00

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေ ကြတဲ့ ကျောင်းသား ကျောင်းသူတွေ ဖြတ်သွား မယ့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာမှာ ရဲဝန်ထမ်း ၂၀၀ လောက် ရောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ရဲဝန်ထမ်းတွေက ပြီးခဲ့တဲ့နှစ်ရက်လောက် က ရောက်ရှိလာတာဖြစ်ပြီး ရွာထဲမှာ နေရာယူ ထားတယ်လို့ ဆတ်သွားကျေးရွာသား ကိုဇော်မင်းထွန်း က ပြောပါတယ်။

"အခု ဆပ်သွားမှာဆိုရင် နှစ်ညလောက်ရှိသွားပြီပေါ့၊ သူတို့အဖွဲ့ရောက်လာတာလေ၊ ၂ဝဝ လုံး တပ်စွဲ ထားတဲ့ပုံစံမျိုးပဲဗျ၊ မြင်နေရတာပေါ့၊ ရွာထဲက ဘာတွေဖြစ်လာဦးမလဲ ဆိုတဲ့ဟာအထိ တွေးကုန် တာပေါ့၊ ကျနော်တို့က အရေးပေါ်ကော်မတီတစ်ခု ဖွဲ့ပြီးတော့ လိုလေသေးမရှိ ပြီးပြည့်စုံအောင် ဆောင် ရွက်နေကြတယ်ဗျ"

သပိတ်ကျောင်းသား ကျောင်းသူတွေဟာ ဒီနေ့ မှာတောင်တွင်းကြီးမြို့နယ်ထဲကို ရောက်ရှိနေပြီး မနက်ဖြန် နေ့လယ် ပိုင်းမှာ ဆတ်သွားကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။

ရဲဝန်ထမ်း ၂၀၀ လောက် ဆတ်သွားကျေးရွာမှာ နေရာချထားတာနဲ့ ပတ်သက်ပြီး ဆတ်သွားရဲစခန်းကို မေးမြန်းရာ မှာ ဖြေဆိုဖို့ ငြင်းဆန်ုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က ကျောင်းသားကျောင်းသူ တစ်ရာနီးပါးလောက်ကလည်း ပူးပေါင်းပြီး ရန်ကုန်မြို့အထိ ချီတက်မယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဝေမိုးနိုင်က ပြောပါတယ်။

"ကျနော်တို့ မုံရွာစစ်ကြောင်းက မနက်ဖြန် မနက်ပိုင်းမှာ ကားတွေနဲ့ ပခုက္ကူမြို့ကို သွားမှာပါခင်ဗျ၊ ပခုက္ကူမြို့မှာ ကျောင်းသားတွေရှိတယ်၊ နောက်ပခုက္ကူမြို့နဲ့ နီးစပ်တဲ့ မြေလတ်ဒေသမြို့တွေပေါ့နော် မကွေးရှိမယ်၊ ရေနံချောင်းရှိမယ် အဲဒီ့က ကျောင်းသားတွေအားလုံး ပခုက္ကူစစ်ကြောင်းကနေ ပူးပေါင်းပါဝင်လာပြီးတော့ ကျနော်တု့ိ မုံရွာကျောင်းသားတွေကလည်း ပခုက္ကူစစ်ကြောင်းကနေ ပူးပေါင်းပြီး ပခုက္ကူကနေ ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည် နောက်ဆုံး ရန်ကုန်အထိ ချီတက်သွားမယ်ဗျ"

အလားတူ ဧရာဝတီတိုင်း ပုသိမ်မြို့ကနေထွက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီနေ့ည ပန်းတနော်မြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ရာမှာပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘတွေကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ဒီနေ့ ပုသိမ်မြို့က တိုင်းဒေသကြီးအစိုးရရုံး မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ခေါ်ယူ အသိပေးတာလို့ ဒီနေ့တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းဌေးက ပြောပါတယ်။

လမ်းလျှောက်ဆန္ဒပြနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ လမ်းခရီးမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကို RFA သတင်းထောက် ကိုသီဟထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။