တနင်္သာရီတိုင်း လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁၇ ဦးရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ်မှာ ၁၄ ဦး၊ သရက်ချောင်းမြို့နယ်မှာ တစ်ဦးနဲ့ ထားဝယ်မြို့နယ်မှာ နှစ်ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောခွင့်ရသူ ကိုယောနသံက RFA ကို ပြောပါတယ်။
“ပျောက်ဆုံးနေတဲ့သူကလည်း အနည်းဆုံး ၂၀ လောက်ရှိနေသေးတယ်။ တချို့သူတွေ အသက်ရှင်လျက် ပြန်တွေ့တာမျိုးတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အတည်ပြုနိုင်ဖို့ခက်ခဲနေတုန်းပဲ”
သေဆုံးသူတွေထဲမှာ အမျိုးသမီး လေးဦး၊ ကလေး သုံးဦးနဲ့ ဘုန်းကြီးတစ်ပါး ပါဝင်ပြီး ကျန်တဲ့သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စိစစ်အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်က ကျောက်နီမော်၊ ကဒက်ငယ်ထိန်၊ ကဒက်ငယ်ဆိတ်၊ ကဒက်ကြီး၊ ကရင်ကြီး၊ သဗျာ၊ ပဉ္စသီမော်၊ မင်းရပ်နဲ့ ညောပြင် စတဲ့ ကျေးရွာ ၂၀ ကျော်၊ သရက်ချောင်းမြို့နယ်က တီတွတ်ပြင်၊ ပဲဒက်၊ ရှင်မုတ္ထီး၊ ကြာအင်းအပါအဝင် ရပ်ကွက်နဲ့ ကျေးရွာတချို့၊ ထားဝယ်မြို့နယ်က ပကာရီ၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်နဲ့ သင်္ကန်းတုံး စတဲ့ ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေတဲ့ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိနေတာကြောင့် အဲဒီဒေသတွေကို သွားမဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ထားဝယ်-လောင်းလုံးလမ်းမပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာ နာရီနဲ့ချီကြာအောင် တားဆီးစစ်ဆေးနေတာလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ မြေပြင်မှာ ကယ်ဆယ်ရေးက ရေကြီးမြေပြိုလို့ မသွားရတာကတစ်မျိုး၊ နောက်တစ်ခု အာဏာပိုင်တွေက မပေးသွားတာက တစ်မျိုးပေါ့။ စစ်ဆေးမှုတွေများတော့ လူတွေကကြောက်ပြီးတော့ မသွားရဲတဲ့နေရာတွေလည်း ရှိတယ်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာဆိုရင် အာဏာပိုင်တွေက စစ်ဆေးမှုတွေကို တော်တော်လေးလုပ်တော့ ကူညီကယ်ဆယ်ရေးအဖွဲ့မှာ အရွယ်ရှိသူတွေက လောင်းလုံးဘက်ကို မဆင်းလာရဲကြဘူး”
အခုလို တားဆီးစစ်ဆေးနေတာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရေဘေးသင့်သူ သောင်းနဲ့ချီရှိနိုင်တယ်လို့ ကူညီကယ်ဆယ်နေသူတွေက ခန့်မှန်းထားပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ထားဝယ်ဒေသတစ်ခုလုံးက ကျေးရွာ ၆၀ ကျော်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကတော့ လောင်းလုံးမြို့ပေါ် ရပ်ကွက်လေးခုက ရေဘေးသင့်သူ ရှစ်ထောင်ကျော် (၈,၄၃၁ ဦး) ကို ပန်တောဝဘုန်းကြီးကျောင်းဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၇ ရက်က ထားဝယ်မြို့မှာ ၂၇ နာရီအတွင်း မိုးရေချိန် ၂၈၀ မီလီမီတာ ရွာခဲ့ပြီး စက်တင်ဘာလအတွက် နှစ်ပေါင်း ၈၀ အတွင်း အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်မှာတော့ မွန်-တနင်္သာရီကမ်းရိုးတန်းအနီးက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး တနင်္သာရီတိုင်းမှာ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
