ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး၊ အကြမ်းဖက်မှုတွေလျော့ကျရေးနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့် အခြေအနေတွေ ဖော်ဆောင်ရေးဟာ လက်ရှိကာလမှာ အရေးကြီးဆုံးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တည်ထောင်ခြင်း ၃၈ နှစ်ပြည့်တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စံနှုန်းတွေ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အခြေခံပြီး တိုင်းရင်းသားအင်အားစုတွေအပါအဝင် သက်ဆိုင်ရာအင်အားစုအားလုံး ပါဝင်နိုင်ရေး ဖော်ဆောင်ဖို့လည်း NLD က တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအခက်အခဲတွေ ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ရေးကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က အွန်လိုင်းကနေ ကျင်းပတဲ့ ပါတီတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနားမှာ ပြောပါတယ်။
“အဓိကအားဖြင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိ လွတ်မြောက်ရေးကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ကြိုးစားဆောင်ရွက်လျက်ရှိသလို အခြားသော အဖွဲ့အစည်းများနှင့်လည်း ခေါင်းဆောင် လွတ်မြောက်ရေးကို အတူတကွ ပူးပေါင်း လုပ်ဆောင်လျက်ရှိပါတယ်။ ထို့အတူ လက်ရှိ နိုင်ငံရေးအခက်အခဲများကို ကျော်ဖြတ်နိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါက အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာစေရေးကို အဓိက ဦးစားပေးဆောင်ရွက်နိုင်ကြရန်ကိုလည်း အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်များမှာရော ပါတီအစည်းအဝေးတိုင်းမှာလည်း ထည့်သွင်းပြောကြားလျက်ရှိပါတယ်”
ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးအတွက် တိုင်းရင်းသားတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့လည်း သူက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင် သုံးထောင်နီးပါး (၂,၉၅၆) ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်ထပ်ပါတီဝင် ၁၃၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ပါတီတည်ထောင်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က ဖွဲ့စည်းပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီဟာ သတ်မှတ်ကာလအတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေနဲ့ ၂၀၁၂၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
