ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်လာချိန် မြို့အဝင်အထွက်နဲ့ လေကြောင်း အသုံးပြုခွင့်တွေ တင်းကျပ်ထားတာကြောင့် မြို့မှာကျန်နေတဲ့ ဒေသခံ ရှစ်သောင်းကျော် နေရပ်စွန့်ခွာဖို့ ခက်ခဲနေကြတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
စစ်တွေမြို့နဲ့ မိုင်နှစ်ဆယ်နီးပါးအကွာ ဖရုံကာကျွန်းနဲ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တစ်လျှောက်က အမြင့်ကျွန်းရွာ၊ တောကန်ရွာနဲ့ ရဲရိုးပြင်ရွာ စတဲ့နေရာတွေမှာ စက်တင်ဘာ ၄ ရက်ကစပြီး စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲတွေ မြို့အနီးကို ကပ်လာချိန်မှာ စစ်တပ်က စစ်တွေမြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသလို ပင်လယ်ပြင်မှာ တစ်ပိုင်တစ်နိုင် ငါးဖမ်းခွင့်ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြို့တွင်းမှာလည်း ကင်းစခန်း ငါးခုထက်မနည်း ထပ်တိုးထားပြီး လုံခြုံရေးတင်းကျပ်ထားသလို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။
ကုန်းလမ်းနဲ့ ရေလမ်းကနေ ထွက်ခွာဖို့ ကန့်သတ်ထားတာကြောင့် စစ်တွေမြို့ကနေ တခြားဒေသကို သွားလိုတဲ့ ခရီးသည်တွေအတွက် လေကြောင်းကသာ အဓိကထွက်ပေါက် ဖြစ်နေပါတယ်။ လက်ရှိ စစ်တွေလေဆိပ်ကနေ ပုံမှန်ခရီးသည်တင်လေယာဉ် တိုက်ရိုက်ပြေးဆွဲတဲ့ ခရီးစဉ်ဟာ စစ်တွေ-ရန်ကုန် လမ်းကြောင်းတစ်ခုတည်းသာ ရှိနေပါတယ်။
လေယာဉ်လက်မှတ်ဝယ်ဖို့ ထောက်ခံစာအဆင့်ဆင့်တွေ လိုအပ်တာကြောင့် လေယာဉ်နဲ့တောင် အလွယ်တကူ ထွက်လို့ မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့လက်မှတ်ရဖို့ ဘာတွေပြရလဲဆိုရင် အိမ်ထောင်စုစာရင်း မူရင်းပြရမယ်။ NVC ကတ်ကိုင်ရင် NVC ကတ်ကိုင်တဲ့ အထောက်အထားပြရမယ်။ မှတ်ပုံတင်ယူသွားရမယ်။ ပြီးရင် ရပ်ကွက်က ထောက်ခံစာပြရမယ်။ ဒီမှာနေကြောင်း ပြရမယ်။ လေယာဉ်ကတော့ နဂိုအတိုင်း သွားနေတယ်။ ပိုက်ဆံလည်း ရှိနေပြီ၊ ဒါပေမဲ့ ဘာမှလုပ်လို့မရဘူး”
အရင်က မှတ်ပုံတင်ပြပြီး လေယာဉ်လက်မှတ် ဝယ်လို့ရပေမဲ့ စက်တင်ဘာ ၄ ရက်နောက်ပိုင်းမှာ ရပ်ကွက်နဲ့ မြို့နယ်အဆင့် ထောက်ခံစာတွေပါ တင်ပြရပြီး လေယာဉ်စီးမယ့်သူ ကိုယ်တိုင် ထောက်ခံစာသွားယူရတာတွေ ရှိလာတယ်လို့လည်း ဆိုပါတယ်။
ဒီလိုကန့်သတ်ချက်တွေအပြင် ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ခဟာလည်း လူတစ်ဦးကို ကျပ် ကိုးသိန်းကျော်ကနေ သိန်းသုံးဆယ်အထိ ပေးရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်နဲ့ချီ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ စစ်တွေမြို့မှာ ဒေသခံအများစုအတွက် ဒီလက်မှတ်ဈေးနှုန်းဟာ မတတ်နိုင်တဲ့ပမာဏ ဖြစ်နေသလို လက်မှတ်ရဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။
နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးကတော့ တိုက်ပွဲတွေ မြို့တွင်းအထိ ရောက်လာချိန်မှာ ဒေသခံတွေ ထွက်ခွာလို့မရဘဲ ပိတ်မိနေမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တွေပေါ့။ ဒေသခံတွေကို ဓားစာခံလုပ်တယ်။ ပြီးတော့ သူတို့ရဲ့ လူသား Cover ပေါ့။ အဲဒါကြောင့် ထွက်ပေါက်တွေ အကုန်လုံးပိတ်တာ ရှိတယ်။ ဒေသခံတွေအနေနဲ့ စစ်ပွဲတွေ မြို့ထဲမှာဖြစ်ရင် ဘယ်သွားပြီး ဘယ်လာရမှန်း မသိဘူးပေါ့။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေတာတော့ ရှိတယ်”
စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စက်တင်ဘာ ၄ ရက်က စတင်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို “၄၉၂၆ စစ်ဆင်ရေး” လို့ အမည်ပေးဖော်ပြထားပြီး စစ်တွေ-ပုဏ္ဏားကျွန်းဘက်အပါအဝင် နေရာတချို့မှာ တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ရေးသားထားကြပါတယ်။
“၄၉၂၆ စစ်ဆင်ရေး” နဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
ဒီတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တွေ-ပုဏ္ဏားကျွန်းကြား အမြင့်ကျွန်း (မင်းတံတား) အနီးက အရပ်သားတချို့ကို AA က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပြောဆိုချက်ကို RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။
ရခိုင်နိုင်ငံရေးသမား ကိုဝေဟင်အောင်က လက်ရှိတိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ နီးကပ်နေပြီး စစ်ရေးအခြေအနေက အချိန်မရွေး ပြောင်းလဲနိုင်တာကြောင့် အရပ်သားတွေအတွက် လုံခြုံရေးအခြေအနေ စိုးရိမ်စရာရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“မြေပြင်အခြေအနေက စိုးရိမ်ဖို့တော့ အတော်ကောင်းတယ်။ စစ်ပွဲဆိုတာက ပုံသေကားချပ် တွက်လို့မရဘူး။ အချိန်မရွေး၊ စက္ကန့်မရွေး၊ နာရီမရွေး ပြောင်းသွားနိုင်တဲ့အတွက် မြေပြင်က အချိန်မရွေး တစ်မျိုးမျိုးဖြစ်သွားနိုင်တယ်။ အခု စစ်ဖြစ်တဲ့နေရာက မြို့နဲ့ တော်တော်နီးကပ်တယ်ဗျ။ ရဲရိုးပြင်၊ ခမောင်းတောတို့ဘက်က တွက်မယ်ဆိုရင် အဲဒီက ရွှေမင်းဂံရေတပ်ကျတာနဲ့ မြို့ထဲကို ဝင်ပြီလို့ ပြောလို့ရတယ်”
၂၀၁၄ သန်းခေါင်စာရင်းအရ စစ်တွေမြို့မှာ လူဦးရေ တစ်သိန်းခွဲခန့်ရှိပြီး ၂၀၂၃ ခုနှစ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ကြတာကြောင့် လက်ရှိ မြို့မှာ လူဦးရေ ရှစ်သောင်းကျော် ကျန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်နေသူအများစုဟာ ငွေကြေးအခက်အခဲကြောင့် မရွှေ့ပြောင်းနိုင်သူတွေနဲ့ အသက်အရွယ်ကြီးသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်နဲ့ AA တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲပြီး ကျန်တဲ့ ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ထားပါတယ်။
စစ်တွေမြို့အဝင်အထွက်နဲ့ လေကြောင်းခရီးစဉ်တွေ ကန့်သတ်ထားတာ၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူခွင့်ကန့်သတ်ထားတာတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
