တရုတ်ကပြန်လာတဲ့အလုပ်သမားတွေကို အစိုးရက နေရပ်ပြန်ပို့ပေး

ကံသာ
2020.04.28

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်ဒေသ ကိုဖြတ်ပြီး တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်နေရာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စက်ရုံတွေပိတ်ပြီး နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီနေ့ ကစပြီး အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ နေရပ်ကို ပို့ဆောင်နေပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ ချင်ရွှေဟော်ကိုဖြတ်ပြီး တစ်ဘက်တရုတ်နိုင်ငံ မိန်းတိန်မြို့ကစိုက်ပျိုးရေးလုပ်ငန်း တွေမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး သူတို့ကို ချင်ရွှေဟော်မြို့နယ် လုံထန်ကျေးရွာမှာ ရှိတဲ့စာသင်ကျောင်း ထဲမှာ ခုနှစ်ရက်လောက် သီးသန့်ထား ကျန်းမာရေး စောင့်ကြည့်ခံခဲ့ရတယ်လို့ နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ကိုမြင့်စိုးက ပြောပါတယ်။

ကိုမြင့်စိုးဟာ တရုတ်ပြည်မကြီးထဲက မိန်းတိန်မှာရှိတဲ့ သခွားနဲ့ သပွတ်စိုက်ခင်းမှာ အလုပ်လုပ်တာဖြစ်ပြီး လုပ်ခတစ်သိန်းလောက် မရခဲ့ဘူးလို့ ပြောပါတယ်။ ကိုမြင့်စိုးလို့ပဲ လုပ်သားအများစုဟာ နေရပ်ပြန်ကြတာမှာ လုပ်ခ မရကြတာလဲရှိတယ်လို့ နေရပ်ပြန်လာတဲ့ ကိုပြည့်ဖြိုးမောင်က ပြောပါတယ်။

ပဲခူးတိုင်းပြည်ခရိုင် ပေါက်ခေါင်းဒေသကို ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမ မဝင်းဝင်းမာကလဲ ရောဂါကြောင့် ပြန်လာကြတာမှာ အလုပ်ရှင်ဆီမှာ စုထားရတဲ့ ငွေကြေးမရခဲ့ဘူးလို့ ပြောပါတယ်။ နေရပ်ပြန်မယ့် သူတွေလဲတရုတ်ထဲမှာ ရှိနေသေးတယ်လို့ သူကပြောပါတယ်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်နဲ့ ပဲခူးတိုင်းပြည်ခရိုင်က အများစုဖြစ်ပြီး ဒီကနေ့မှာတော့ ဆယ့်နှစ်ဘီး ကားသုံးစီးနဲ့  ချင်းရွှေဟော်ကနေ မန္တလေးမြို့အထိ ပို့ဆောင်ပေးခဲ့တာပါ။

လားရှိုးမြို့မှာ ခရီးတစ်ထောက်နားချိန်မှာတော့ စေတနာရှင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ မြို့နယ်ခရိုင် အဆင့်ဌာနဆိုင်ရာတွေက စားစရာတွေ ကူညီထောက်ပံ့ ပေးခဲ့ကြပါတယ်။ ဧပြီလ ၂၉ရက် မနက်ဖြန်မှာတော့ နေရပ်ပြန်မယ့် သူ နှစ်ရာကျော်ရှိပြီး အဲဒီထဲမှာ ကျန်းမာရေး စောင့်ကြည့်ခံရပြီးသူ ခုနှစ်ဆယ်ကျော်ကလွဲလို့ ဒီကနေ့ပြန်လာ သူတွေပါ ကျန်းမာရေး စောင့်ကြည့်ခံရတာ မရှိသေးတဲ့အတွက် သူတို့ ဒေသမှာ ကျန်းမာရေးစောင့်ကြည့်ခံကြရမှာ ဖြစ်တယ်လို့ လားရှိုးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြော ပါတယ်။

ကိုးကန့်ဒေကကို ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသား နှစ်သောင်းကျော်လောက် ရှိတယ်လို့ တရုတ်ဘက်က ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားထားပြီး ဧပြီတစ်ရက်ကနေ ဧပြီလ ၂၂ရက်အထိဝင် ရောက်လာသူ တစ်ထောင်ကျော် ရှိနေတယ်လို့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။

ပြန်လည် ဝင်ရောက်လာသူတွေကို လောက်ကိုင်မြို့နယ်မှာ ခရိုင်မိုးလုံလေလုံကစားကွင်း၊ အထ က(၁)စာ သင်ကျောင်း၊ နတလ စက်မှုလူငယ်သင် တန်းကျောင်း၊ နတလ အိမ်တွင်းမှုသင်တန်းကျောင်း၊ ရန်လုံ ကျိုင်း‌ဆေးဖြတ်စခန်းဟောင်း စတဲ့နေရာငါးခုမှာ ကျန်းမာရေး စောင့်ကြည့်တာတွေ လုပ်နေသလို ချင်ရွှေဟော် နယ်စပ်ကနေ ဝင်လာသူတွေကို တော့ မြို့တော်ခန်းမနဲ့ လုံထန်စာသင်ကျောင်း နှစ်နေရာမှာ ကျန်းမာရေး စောင့် ကြည့်တာ တွေလုပ်နေတယ်လို့ ဆိုပါတယ်။

ထပ်မံဝင်ရောက်လာသူတွေ များလာရင် ကျန်းမာရေး စောင့်ကြည့်မှုအတွက် နေရာထိုင်ခင်း အခက်အခဲ ရှိလာနိုင်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ကိုဗစ်ရောဂါထိန်းချုပ်ရေး ဗဟိုအဖွဲ့ကို တင်ပြပြီး နေရပ်ပြန်သူတွေကို သူတို့ဒေသကို အစိုးရအစီအစဉ်နဲ့ ပို့ဆောင်ပြီး သူတို့ဒေသမှာပဲ ကျန်းမာရေး စောင့်ကြည့်တာတွေလုပ်ဖို့ စီစဉ် ထားတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံ စီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။