ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူပေါင်းကော်မတီ အစည်းအဝေး ဧပြီလ ၂၂ ရက်နေ့ ပြန်လည်စတင်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ပြန်လည်စတင်ကျင်းပမယ်လို့ ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၅ မှာပါတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စတွေကို ပြန်လည်စတင် ဆွေးနွေးမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ကော်မတီအစည်းအဝေးတွေကို စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ အခန်းအလိုက် တင်ပြဆွေးနွေးသွားမှာဖြစ်တာကြောင့် ပါတီအလိုက် အစုအဖွဲ့အလိုက် ပြင်ဆင်ချင်တဲ့ အချက်အလက်တွေကို ကော်မတီအဖွဲ့ဝင်တွေက တင်ပြဆွေးနွေးနေကြတာပါ။

ဖွဲ့စည်းပုံ အခန်း ၃ ကို ဆွေးနွေးခဲ့ရာမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ၅၉ (စ) ပြင်ဆင်ချက်အဆိုကို NLD ပါတီက တင်သွင်းထားခဲ့ကြောင်း ကော်မတီမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ်။

အလားတူ ဖွဲ့စည်းပုံ အခန်း ၄ ပါ တပ်မတော်သားကိုယ်စာလှယ်တွေ လွှတ်တော်တွင်းမှာ ပါဝင်ခွင့်ပေးထားမှုကိစ္စကိုလည်း NLD ပါတီက တစ်ဆင့်ချင်းစီ လျော့ချသွားဖို့ ပြင်ဆင်ချက် တင်သွင်းထားကြောင်း ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောဆိုထားပါတယ်။

ကော်မတီရဲ့ အပြီးသတ်ဆွေးနွေးမှု အစီရင်ခံစာ အပြည့်အစုံကို လာမယ့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မတိုင်ခင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။