၂၀၂၆ ခုနှစ် ပထမခြောက်လ (နှစ်တဝက်) အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီး ၃၃၂ ဦး သေဆုံးခဲ့ပြီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အထွေထွေအတွင်းရေးမှုး မယဉ်မျိုးက RFA ကိုပြောပါတယ်။
သေဆုံးသူအမျိုးသမီးအများစုက လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၂၄၂ ဦးအထိရှိပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၉ ဦး၊ မတရားသတ်ဖြတ်ခံရသူ ၄၂ ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ ၉ ဦးနဲ့ ကျည်ထိမှန်သေဆုံးသူ ၇ ဦးလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၃၀၆ ဦးထဲမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၁၅ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅၀ ဦး၊ မြေမြှုပ်မိုင်း ၂၆ ဦး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၂ ဦးနဲ့ ကျည်ထိသူ ၃ ဦးရှိတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေး ၅၈ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ဦးနဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦးလည်း ပါဝင်နေပါတယ်။ ဒေသအလိုက်ကြည့်ရင် စစ်ကိုင်းတိုင်းက သေဆုံးသူ ၁၀၂ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ ပဲခူးတိုင်းက ၄၇ ဦး၊ ရခိုင်ပြည်နယ်က ၄၁ ဦး၊ မကွေးတိုင်းက ၂၉ ဦးနဲ့ မန္တလေးတိုင်းက ၂၈ ဦး ရှိတယ်လို့ BWU က ပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကပြောခွင့်ရသူ မယဉ်မျိုးကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီအပေါ် ပိုပြီးထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။
“အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အစိုးရဖွဲ့စည်းဖို့ ကြိုးပမ်းနေတာတွေကို အသိအမှတ်မပြုသင့်ပါဘူး။ စစ်တပ်ဆီ စီးဆင်းနေတဲ့ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ဖို့၊ လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့မှုတွေကို ပိတ်ဆို့ဖို့လည်း လိုပါတယ်။ ဒါ့အပြင် စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့တွေနဲ့အတူ နိုင်ငံတကာအဆင့်မှာ ဆက်ပြီး ဖိအားပေးဆောင်ရွက်သွားဖို့ လိုပါတယ်”
စစ်တပ်ခန့်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိသားစုဝင်တွေဟာ လက်ရှိ စားဝတ်နေရေးရပ်တည်ဖို့အခက်အခဲတွေ အများကြီး ကြုံတွေ့နေကြရသလို စိတ်ပိုင်းဆိုင်ရာအကူညီတွေလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီအချက်အလက်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပေမယ့် BWU ကတော့ သတင်းမီဒီယာ တွေကနေ အတည်ပြုစုဆောင်းထားတဲ့ အချက်အလက်တွေဖြစ်ပြီး၊ မြေပြင်မှာ မှတ်တမ်းမတင်နိုင်သေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေသေးတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးသူအရေအတွက်က ဒီထက်ပိုများ နိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးကြီးမျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အာဏာသိမ်းကာလအတွင်း စစ်တပ်ခန့်အစိုးရရဲ့ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အမျိုးသမီး နှစ်ထောင်နှစ်ရာကျော် (၂,၂၂၂ ဦး) သေဆုံးခဲ့ပြီး၊ အမျိုးသမီး ခြောက်ထောင်ငါးရာကျော် ( ၆,၅၀၃ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၀ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းမှာလည်းဖော်ပြထားပါတယ်။
