ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှု နိုင်ငံတကာဖိအားအတွက် ကစားကွက်တစ်ခုဟု သုံးသပ်

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေနဲ့နိုင်ငံတကာ တောင်းဆိုထားတဲ့ အခြေအနေထက် ထောင်ကျ အကျဉ်းသားတစ်ဦးအနေနဲ့သာ ICRC နဲ့ တွေ့ဆုံစေခဲ့တာလို့ သုံးသပ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်ကအာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို သြဂုတ်လ ၃ ရက်နေ့က တွေ့ဆုံခွင့် ပေးခဲ့တာဟာ စစ်တပ်ခန့် အစိုးရသစ်က နိုင်ငံတကာ ဖိအားတွေကို ရှောင်လွှဲဖို့ အတွက်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူအများစုနဲ့နိုင်ငံတကာက တောင်းဆိုထားတဲ့ အခြေအနေထက် ထောင်ကျ အကျဉ်းသားတစ်ဦးအနေနဲ့သာ တွေ့ဆုံစေခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားကူညီနေသူတွေက ပြောပါတယ်။

ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Arnaude de Baqque နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း စစ်တပ်ခန့်အစိုးရက ပထမဆုံး ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ နှစ်ဦးတည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိမှာ ကောင်းမွန်စွာ ထားရှိကြောင်းနဲ့ ကျန်းမာရေးအခြေအနေမှာလည်း တည်ငြိမ်ကောင်းမွန်တယ်လို့ ဦးမင်းအောင်လှိုင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်ခိုင်ခိုင်စိုးက လူမှုကွန်ရက်ကနေ ပြောပါတယ်။

လွတ်လပ်ခွင့်ဆုံးရှုံးနေတဲ့ အကျဥ်းသားတွေကို လူသားချင်းစာနာမှုအရ သွားရောက်တွေ့ဆုံ လည်ပတ်တဲ့ ICRC စံနှုန်းတွေအရ ဒီလိုတွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို အကျဥ်းချထားတဲ့ အာဏာပိုင်တွေကိုပဲ လျှို့ဝှက်သီးသန့်ပေးပို့သွားမယ်လို့ ICRC က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ကတော့ “ဒီသတင်းက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ဆက်ထားဖို့ အကြောင်းရင်းတစ်ခု ရလိုက်တာပါပဲ” လို့ RFA ကို ပြောပါတယ်။

“ဒီတွေ့ဆုံမှု သတင်းက သူ့အတွက် မျှော်လင့်ချက်ထားဖို့ အကြောင်းရင်းတစ်ခု ရလိုက်တာဖြစ်ကြောင်း၊ ဒါပေမဲ့ မျှော်လင့်ချက်ပဲရပြီး အသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာကို သက်သေရလိုက်တာတော့ မဟုတ်ပါကြောင်း၊ ဒီတွေ့ဆုံမှုက စစ်အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ မိသားစုမှာ ရင်နဲ့အပြည့်ရှိနေတဲ့ မွေးခွန်းတွေကို ဖြေမပေးနိုင်ကြောင်း၊ ဒါပေမဲ့ ပွင့်လင်းမြင်သာမှု၊ လူသားချင်းစာနာထောက်ထားမှုရရှိရေးနဲ့ နောက်ဆုံး မေမေ့ လွတ်မြောက်ရေးတို့အတွက် နိဒါန်းအစလို့ပဲ မျှော်လင့်ကြောင်း” ကိုထိန်လင်းက RFA ကိုဖြေကြားတဲ့ စာမှာပြောပါတယ်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အတွင်းရေးမှူးအဖွဲ့ဝင် ကိုလွမ်းသူက ဒီတွေ့ဆုံခွင့်ရခဲ့တဲ့ ဖြစ်ရပ်ကို စစ်တပ်ခန့်အစိုးရက နိုင်ငံရေးအရ အသုံးချဖို့ ကြိုးပမ်းဖို့အတွက် ဖြစ်လို့ သတိထားသင့်တယ်လို့ RFA ကို ပြောပါတယ်။

“ဒီတွေ့ဆုံမှုဟာ တစ်နည်းအားဖြင့် စစ်တပ်က နိုင်ငံရေးအရ သံခင်းတမန်ခင်း ပြန်နေရာရဖို့ ကြိုးစားတယ်ဆိုတာ နိုင်ငံတကာက အသိုက်အဝန်းအနေနဲ့ သိဖို့လိုသလို ဒီလောက်လေး ထုတ်ပြလိုက်ရုံနဲ့ နိုင်ငံတကာစင်မြင့်တွေမှာ နေရာမပေးဖို့ လိုအပ်နေပါသေးတယ်။ နေရာပေးလိုက်ရင် အခုနက ထုတ်ပြလိုက်တဲ့ အရာအားလုံးဟာ သူ့အတွက် တစ်ကယ့်ကို ကစားကွက်ကြီး ဖြစ်သွားမယ်လို့မြင်တယ် အဲဒီတော့ အသက်ရှင်နေပါတယ်ဆိုတဲ့ ထုတ်ပြမှုလောက်နဲ့ သူ့ကို နိုင်ငံတကာစင်မြင့်တွေမှာ ပြန်နေရာပေးတာမျိုး မလုပ်ဖို့တော့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုတယ် ပြီးရင်ပြည်သူလူထုရဲ့ တကယ့်အခြေခံ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို သေသေချာချာ စေ့ငုံဖို့လိုတယ်လို့ မြင်ပါတယ်”

အာဏာသိမ်းပြီးနောက် လူမြင်ကွင်းမှာ ငါးနှစ်ကျော်ကြာ ပျောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအပါအဝင် နိုင်ငံတကာက တွေ့ဆုံဆွေးနွေးခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ စစ်တပ်ခန့်အစိုးရက မျက်ကွယ်ပြုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ ဒီလိုတွေ့ဆုံခဲ့တဲ့အပေါ် ဝမ်းသာမိပေမဲ့ အသက်အရွယ်ကြီးလာပြီဖြစ်တာကြောင့် သူမရဲ့ ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်နေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အဲဒီလိုတွေ့ခွင့်ရတယ်ဆိုရင်တော့ ဝမ်းသာတာပေါ့တော်၊ ကိုယ်တိုင်လည်း မြင်ချင်ပါသေးတယ်။ စိုးရိမ်တာပေါ့ ကျုပ်တို့လည်း အမယ်ကြီးအို၊ အဖိုးကြီးအိုနဲ့နေရတာဆိုတော့ အမယ်ကြီးအို၊ အဖိုးကြီးအိုဆိုတာတော့ ပြုစုတဲ့အောက်မှာနေနိုင်ရင် အကောင်းဆုံးပေါ့။ အခုကကျတော့ ပြုစုသလား၊ မပြုစုသလားဆိုတာလည်း စိုးရိမ်ရတာပေါ့။ အမေစုလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ အမြန်ဆုံးလည်းလွတ်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာမှသာ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိလာမယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ခန့်သမ္မတအနေနဲ့ နိုင်ငံတကာကို အပြောင်းအလဲ လုပ်ပြချင်တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သက်ရှိထင်ရှားရှိနေသေးကြောင်းကို ထုတ်ပြလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“KIO အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်မရှိဘူး။ ကျွန်တော်အနေနဲ့ ပြောလိုတာကတော့ နိုင်ငံတကာရဲ့မျက်နှာစာမှာ သမ္မတဦးမင်းအောင်လှိုင်အနေနဲ့ အပြောင်းအလဲရှိတဲ့ ပုံစံမျိုးကို ပြချင်လို့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCနဲ့ တွေ့ခွင့်ပြုတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ နိုင်ငံတကာခေါင်းဆောင်တွေက တွေ့ဆုံခွင့်တောင်းဆိုတာကို လက်မခံဘဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ICRCနဲ့ တွေ့ဆုံခွင့်ခဲ့တာဟာ အကျဉ်းသားတစ်ဦးအနေနဲ့ အဆင့်ချတွေ့ဆုံစေတာ ဖြစ်တယ်လို့ တုံ့ပြန်ပြောပါတယ်။

“နိုင်ငံတကာက ခေါင်းဆောင်တွေ အားလုံး ဝိုင်းပြီးတောင်းဆိုနေကြတာကို လျစ်လျူရှုပြီးတော့ ICRC နဲ့ ပေးတွေ့တယ်ဆိုတာရယ်။ နောက်ပြီး ICRC ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့်လည်း လက်ရှိ အချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတာမျိုး နောက်ပြီးတော့ သူမရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေကို လက်ခံတာမျိုး မဟုတ်ဘဲနဲ့ သူတို့ မတရားစွပ်စွဲထားတဲ့ အမှုတွေ ရင်ဆိုင်ရမယ်ဆိုတဲ့ အကျဉ်းသား တစ်ယောက်အနေနဲ့ပဲ ဆက်လက်ပြီးတော့ သတ်မှတ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေက တကယ့် လိုအပ်ချက်၊ အားလုံးရဲ့ လိုလားချက်နဲ့ လုံးဝကွဲလွဲနေတဲ့ အချိန်ဖြစ်တယ်ဆိုတာကိုတော့ သေသေချာချာ ထောက်ပြဖို့ လိုပါမယ်ဗျ”

RFA နဲ့ နီးစပ်တဲ့ နေပြည်တော် စစ်ရေးသတင်းအရင်းအမြစ်တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCတို့ တွေ့ဆုံမှုဟာ နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ နေထိုင်ခဲ့တဲ့နေရာလို့ ပြောဆိုကြပေမဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဆက်သွယ်ကြည့်ရာမှာ ပါတီပြောခွင့်ရသူက ဒီကိစ္စအပေါ် မှတ်ချက်ပေးလို့မရကြောင်းနဲ့ တစ်စုံတရာမှတ်ချက်ပေး ပြောဆိုဖို့ ငြင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်ကတော့ မြန်မာ့နိုင်ငံရေး ပြဿနာကိုဖြေရှင်းဖို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံ အနေနဲ့ ဖမ်းဆီးထားတယ်။ ဓားစာခံ အနေနဲ့ အသုံးချနေတယ်ဆိုတာ အခုလက်ရှိ စစ်အုပ်စုမှ မဟုတ်ဘူး။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက ဒီနည်းလမ်းကိုပဲ သုံးနေတာ။ မြန်မာနိုင်ငံရဲ့ အဓိက ဖြစ်နေတဲ့ ပြဿနာတွေကို တကယ်ဖြေရှင်းမယ်ဆိုရင် အခုလို တွေ့ခွင့်ပေးလိုက်ရုံနဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူး ဒါက လုံးဝ အသေအချာပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြဿနာကို တကယ်ဖြေရှင်းဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရပြီတော့ သူတို့ရဲ့ အခန်းကဏ္ဍတွေကို စစ်အုပ်စုက အသိအမှတ်ပြုရမယ်။ သူတို့ရဲ့ အခန်းကဏ္ဍကို ပြန်ပေးရမှာ ဖြစ်တယ်”

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချခံထားရပြီး အဂတိလိုက်စားမှုအပြင် ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရတာဖြစ်ပါတယ်။

အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီး အကျဉ်းကျခံနေရတဲ့ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကို သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့အတွက် “Proof of life” ကမ်ပိန်းလှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပမှာ ရှိနေတဲ့နိုင်ငံသားတွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေက ဆက်တိုက်တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း‌ကတော့ ဒီတွေ့ဆုံမှုဟာ မျှော်လင့်ချက်ထားဖို့ အကြောင်းရင်းတစ်ခုရလိုက်တာသာဖြစ်ပြီး အသက်ရှင်လျက်ရှိနေသေးတယ်ဆိုတဲ့ သက်သေအ ထောက်အထားတော့မဟုတ်ပါဘူးလို့ပဲ RFA ကို ဖြေကြားတဲ့အထဲမှာ ပြောကြားထားပါတယ်။

---