ဒေါ်အောင်ဆန်းစုကြည်အားချွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်နဲ့ အာဆီယံဥက္ကဋ္ဌတောင်းဆို

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေ ရပ်တန့်ဖို့လည်း အမေရိကန် တောင်းဆို။

စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချပြီး ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား မတရားဖမ်းဆီးထောင်ချခံထားရသူတွေအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို သြဂုတ်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ သြဂုတ်လ ၃ ရက်နေ့က တွေ့ဆုံခဲ့တာကို ကြိုဆိုကြောင်း သီးခြားစီ ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး ဒီလိုတွေ့ဆုံမှုဟာ ပုံမှန် တွေ့ခွင့်ရဖို့ လမ်းစဖြစ်မယ်လို့မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

“၂၀၂၁ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထောင်ချထားသူတွေကို လူချင်းတွေ့ဆုံခွင့်ပြဖို့ တိုက်တွန်းလိုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချွင်းချက် လက်ကျန်မထားဘဲ ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုပါတယ်။” လို့ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဌာနက လူမှုကွန်ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ဒီတွေ့ဆုံခြင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ ပုံမှန်တွေ့ဆုံခွင့်ပေးတာတွေရဲ့ အစလို့ မျှော်လင့်ကြောင်း၊ ဒီလိုနိုင်ငံရေးအရ အကျဥ်းကျနေသူတွေကို ပိုပြီး တွေ့ဆုံခွင့်ပေးဖို့ လမ်းစလို့လည်း မျှော်လင့်ကြောင်း” ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ဖို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC အဖွဲ့ ဩဂုတ်လ ၃ ရက်နေ့က တွေ့ဆုံခဲ့တာကို သြဂုတ်လ ၄ ရက်နေ့က EU နဲ့ ဗြိတိန်နိုင်ငံတွေကို ကြိုဆိုခဲ့ကြသလို ကုလသမဂ္ဂနဲ့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးဌာန ဥက္ကဋ္ဌတို့ကလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ကြပါတယ်။