စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်တို့ တွေ့ဆုံခွင့်ရတဲ့အပေါ် ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်နိုင်ငံ (UK) တို့က ကြိုဆိုလိုက်ပြီး တွေ့ဆုံခွင့်ဆက်လက်ရရှိဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဩဂုတ်လ ၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဒီတွေ့ဆုံမှုဟာ တိုးတက်မှုဖြစ်ပေမဲ့ သူမရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ ဆက်လက် တွေ့ဆုံခွင့်တွေရရှိဖို့ အလွန်အရေးကြီးနေဆဲပဲလို့ ဥရောပသမဂ္ဂ က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ဖို့အတွက်လည်း ဥရောပသမဂ္ဂက ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်အစိုးရကလည်း ဒီလိုတွေ့ဆုံခွင့်ရခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးနေသူတွေအတွက် ကာလရှည်ကြာ မသေချာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့တဲ့နောက် အသက်ရှင်နေသေကြောင်း အတည်ပြုနိုင်ခဲ့တဲ့ သက်သေအထောက်အထားဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ မလုံလောက်ဘဲ ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး ဘာရွန်နက်စ် ဝင်တာတန် (Baroness Winterton) က ပြောပါတယ်။
‘‘ယူကေအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး၊ သူမ အပါအဝင် မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်”
ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်လို့ ICRC က ထုတ်ပြန်ထားပါတယ်။
ICRC ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ်စ် (Kim Aris) အပါအဝင် ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ စစ်တပ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့် တချို့ ရခဲ့တာကြောင် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။
