စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချပြီး ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခဲ့တာကို ကြိုဆိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက သြဂုတ်လ ၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။
တချိန်ထဲမှာလည်း “မတရားသဖြင့် လက်လွတ်စပယ်ဖမ်းဆီးထိန်းသိမ်း အကျဥ်းချထားသူတွေကို အမြန်နဲ့ ချွင်းချက်မရှိ ပြန်လွတ်ပေးတာဟာ အများယုံကြည်လက်ခံနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေး လုပ်ငန်းစဥ် တစ်ခုပေါ်ပေါက်လာဖို့ အခြေခံကျတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်”လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် ဖာရင် ဟတ် (Farhan Haq)က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးနဲ့ ကုလသမဂ္ဂ ထိတွေ့ဆက်ဆံ ဆွေးနွေးနေဖို့လည်း အထူးအရေးကြီးပါတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ပြောတယ်လို့လည်း သူကပြောပါတယ်။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခဲ့တဲ့ သတင်းတွေကြားသိရအတွက် ကြိုဆိုကြောင်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ အိုင်အိုဝါပြည်နယ် ရီပါပလင်ကန်ပါတီ အထက်လွှတ်တော်အမတ် ဂျင်ရစ်ချ်(Jim Risch)က သြဂုတ်လ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်ခန့်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစူနဲ့ တွေ့ဆုံခွင့်ပြုဖို့၊ သူ့ကျန်းမာရေး အချက် အလက်တွေကို ထုတ်ပြန်ပေးဖို့နဲ့ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရမှာဖြစ်တယ်လို့လည်း အထက် လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တောင်းဆိုထားပါတယ်။
ဩဂုတ်လ ၃ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေက ပထမဆုံး သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီုလိုထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဘက်က မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံတဲ့ပုံတွေ ပါဝင်သလို ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့အမှတ်တရမှတ်တမ်း ဓာတ်ပုံ စုစုပေါင်း လေးပုံလည်း ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ICRC က သတင်းထုတ်ပြန်ရာမှာ “ICRC အနေနဲ့ ချုပ်နှောင်ကန့်သတ်ခံထား ရသူတွေကို လုပ်ထုံးလုပ် နည်းနဲ့အညီ သွားရောက်တွေ့ဆုံနေတာဖြစ်ပြီး အဲဒီအထဲက တစ်ယောက်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သီးသန့်တွေ့ဆုံ စကားပြောဆိုခွင့် ရခဲ့တယ်လို့လည်း အတည်ပြုချက်နဲ့အတူ ပူးတွဲပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကိုတော့ လုပ်ငန်းပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေအတိုင်း အပြင်ကိုထုတ်ပြောမှာ မဟုတ်ဘဲ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေကိုသာ ပေးပို့သွားမှာပါ“ လို့ ပါရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ကတော့ “ဒီသတင်းက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ဆက်ထားဖို့ အကြောင်းရင်းတစ်ခု ရလိုက်တာပါပဲ” လို့ RFA ကို ပြော ကြားခဲ့ပါတယ်။
