ထောင်တွင်း လုံလောက်တဲ့ဆေးကုသခွင့် မရလို့ နိုင်ကျဉ်း ၁၅၀ နီးပါး သေဆုံး

သေဆုံးမှုအများဆုံးကတော့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပြီး အိုးဘို၊ ဒိုက်ဦး၊ မကွေးနဲ့ သာယာဝတီ အကျဉ်းထောင်တွေမှာလည်း ရှိခဲ့။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင် ၃၂ ခုမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၈၃ ဦး သေဆုံးခဲ့ပြီး၊ အဲဒီထဲက ၁၄၈ ဦးဟာ အချိန်မီ ဆေးကုသခွင့် မရတာနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီစာရင်းတွေဟာ ၂ဝ၂၁ ခုနှစ် ဇူလိုင်လကနေ ၂ဝ၂၆ ခုနှစ် မေလအထိ ငါးနှစ်နီးပါးအတွင်း PPNM က ကောက်ယူအတည်ပြုထားတာဖြစ်ပါတယ်။

ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့အခါ လုံခြုံရေး အကြောင်းပြချက်နဲ့ ဆေးကုသခွင့်မရခဲ့ကြဘဲ အသက်ဆုံးရှုံးခဲ့ရတာ တွေ့ရတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေဟာ အရေးပေါ်ကျန်းမာရေးဖြစ်တဲ့အခါမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆေးဝါးကုသမှုတွေမရခဲ့တာရှိခဲ့တယ်။ ဒီလိုအခြေအနေအကြောင်းတရားတွေစိုးမိုးမှုတွေကြောင့် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ အချိန်မီဆေးဝါးကုသခွင့်မရလို့ ကျရှုံးမှုတွေရှိခဲ့တယ်။ ဒီအထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့ တခြားတခြားသော မဝတ်ရည်အောင်တို့ ကျရှုံးမှုတွေရှိခဲ့တယ်ပေါ့နော်“

သေဆုံးသူအများစုဟာ အသက် ၃၆ နှစ်ကနေ ၅၅ နှစ်ကြား အရွယ်တွေ ဖြစ်ပြီး အသက် ၁၇ နှစ်အောက် လူငယ် နှစ်ဦးနဲ့ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ PPNM က ပြောပါတယ်။

သေဆုံးမှုအများဆုံးကတော့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပြီး အိုးဘို၊ ဒိုက်ဦး၊ မကွေးနဲ့ သာယာဝတီ အကျဉ်းထောင်တွေမှာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ နှလုံး၊ အသည်း၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတွေ အပြင် အောက်ဆီဂျင် ပြတ်လပ်တာ၊ ကိုဗစ်-၁၉၊ တီဘီလို ကူးစက်ရောဂါတွေနဲ့ စစ်ကြောရေးအတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေရဲ့ နောက်ဆက်တွဲ ဒဏ်တွေဟာ သေဆုံးရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ PPNM က ပြောပါတယ်။

ထောင်ဆေးရုံတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုပေးတာမဟုတ်ဘဲ ထောင်အာဏာပိုင်တွေ ပိုက်ဆံရှာဖို့သာဖြစ်တယ်လို့ မုံရွာနဲ့မကွေးထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘုန်းမြင့်အောင် က ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ ဒေါက်တိုင်တစ်ခုဖြစ်တဲ့ အကျဉ်းဦးစီးဌာနဆိုတာအကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးဝါးကုသပေးမှုမရှိပါဘူး။ လုံးဝကို လျစ်လျူရှုထားတာပါ။ မုံရွာထောင်မှာ ကျန်းမာရေးအရ အရေးပေါ်တစ်ခုခုဖြစ်တယ်ဆိုရင် ဘာမီတွန်တောင် လုံလောက်မှုမရှိပါဘူး။ မကွေးအကျဉ်းထောင်မှာဆိုရင် ဆေးရုံဆောင်ရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုဖို့မဟုတ်ဘူး။ ထောင်အာဏာပိုင်တွေက ပိုက်ဆံရှိတဲ့အကျဉ်းသားတွေ သီးခြားနေဖို့ ထားတဲ့ အဆောင်တစ်ခုပါပဲ”

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက စစ်တပ်ခန့်အစိုးရရဲ့ ထောင်ယန္တရားစနစ်ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတင်မကဘဲ ကျန်တဲ့ မိသားစုဝင်တွေအပေါ်ပါ ဖိအားပေးတဲ့ စနစ်တစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“နိုင်ငံရေးအရတော့ စစ်အုပ်စုခေါင်းဆောင်တွေက ဖိနှိပ်ထားတယ်။ ပြီးတော့ မိသားစုဝင်တွေကို ထောင်ယန္တရားစနစ်ကနေ ငွေကြေးရယူပြီးတော့ ဖိနှိပ်ထားတဲ့ပုံစံမျိုးနဲ့လုပ်တယ်“

ထောင်တွင်းကနေ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ခန့်အစိုးရတို့ဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ဒုတိယဦးစားပေးအဖြစ်သာ သတ်မှတ်ထားပြီး အချိန်မီ ဆေးကုသခွင့်ကို ကန့်သတ်ထားတာကြောင့် ကာကွယ်ကုသနိုင်တဲ့ ရောဂါတွေနဲ့ပဲ အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက စစ်တပ်ခန့်အစိုးရဟာ ထောင်တွင်း နိုင်ငံရေးအကျဉ်းသား သေဆုံးမှုကို လျှော့ချနိုင်ဖို့ စီစဉ် ဆောင်ရွက်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

“ထောင်တွင်းမှာ သေဆုံးမှုလျှော့ချနိုင်ရေးစီမံချက်တွေကိုလည်း မတွေ့ရပါဘူး။ တချို့ထောင်ငယ်တွေမှာဆိုရင် ထောင်ဆေးရုံမရှိတာ၊ ဆရာဝန်မရှိတာ ဒီလိုအခြေအနေတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဗဟိုထောင်တွေမှာ ထောင်ဆေးရုံရှိပေမယ့် ဆရာဝန်အင်အား မလုံလောက်မှုတွေနဲ့ ကြုံရပါတယ်။ ပြီးတော့ ဆေးဝါး မလောက်ငှမှုတွေ၊ ဆေးဝါး ပြတ်လပ်တာတွေ၊ တော်တော်များများဖြစ်ပေါ်နေတဲ့အခြေအနေတွေရှိပါတယ်“

ဒီအချက်အလက်တွေဟာ PPNM က အတည်ပြုနိုင်ခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပြီး တချို့ထောင်တွင်း သတင်းအချက်အလက် ပိတ်ဆို့ထားတာကြောင့် လက်တွေ့မှာ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ PPNM က ဆိုပါတယ်။

ထောင်တွင်းအခြေအနေနဲ့ပတ်သက်လို့ PPNM ပြောဆိုချက်တွေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။