စစ်ခေါင်းဆောင်ဟောင်းသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ နှစ်ရက်ကြာ ထိုင်းခရီးစဉ်မှာ နိုင်ငံရေးအရ တရားဝင်မှုမရခဲ့သလို မြန်မာတွေအပါအဝင် ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ခရီးစဉ်ပြီးဆုံးတဲ့ ဩဂုတ်လ ၇ ရက်နေ့အထိ ဖြစ်ခဲ့တာတွေ့ရပါတယ်။
ခရီးစဉ်နောက်ဆုံးနေ့မှာ ထိုင်းပြည်သူ့လွှတ်တော်ရဲ့ ဧည့်ကြိုခန်းမကိုရောက်နေတဲ့ ဦးမင်းအောင်လှိုင်ကို ထိုင်း ပြည်သူ့ပါတီအမတ် အနုဆွန်တမာဟိုင်က ငြိမ်းချမ်းရေးနဲ့ လူသားခြချင်းစာနာမှုအတွက် အော်ဟစ်ကန့်ကွက်ဆန္ဒပြတာခံရပါတယ်။ မြန်မာမှာပင်လုံကတိကဝတ်ကိုအခြေခံတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းကိုဖော်ဆောင်ဖို့၊ နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကိုဖြေရှေင်းပေးဖို့ အဆိုပြုစာပေးပို့သွားမယ်လို့လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဘန်ကောက်မြို့မှာ လုံခြုံရေးတွေတင်းကြပ်ထားတဲ့ကြားကပဲ မြန်မာသံရုံးနားက လူကူးကုန်းကျော် တံတားပေါ်မှာ စစ်ခေါင်းဆောင်ဟောင်းကိုဆန့်ကျင်တဲ့ စာတန်းချိတ်ဆွဲခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်အဖွဲ့ရဲ့ တာဝန်ရှိသူ ကို Libera က RFA ကို ပြောပါတယ်။
“မင်းအောင်လှိုင် ရောက်နေချိန်မှာ ထိုင်းဘက်က လုံခြုံရေးကို တော်တော်လေး တင်းကြပ်ထားတာပေါ့။ မြန်မာ သံရုံးရှေ့မှာလည်း ရဲတွေ ရှိတယ်။ အဲလို တင်းကြပ်ထားတဲ ကြားကမှ ကျွန်တော်တို့ လှုပ်ရှားရတာ တော်တော် လေးလည်း ခက်တယ်။ တံတားပေါ်တွေမှာက အစ ရဲတွေ တက်တက်လာပြီး စစ်ဆေးတာတွေ ရှိတယ်။ ကျွန်တော်တို့ကလည်း သူတို့ (ရဲ) အလစ်ငိုက် မိတဲ့ အချိန်မျိုးကို စောင့်ပြီး လှုပ်ရှားမှုကို အလျင်အမြန်ပဲ လုပ်ခဲ့ရတယ်"
အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ ပဋိပက္ခအကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံမှာ ကျောင်းသားတွေ ပညာသင်ကြားခွင့်ဆုံးရှုံးစေတဲ့ အဓိကတာဝန်ရှိသူ ဦးမင်းအောင်လှိုင်ကို ထိုးအစိုးရက တရားဝင်လက်ခံတာဟာ မြန်မာလူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးဖို့ အားပေးထောက်ခံနေတဲ့ သဘောသက်ရောက်နေပြီး ခရီစဉ်ကိုကန့်ကွက်တဲ့အကြောင်း ဩဂုတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ဘန်ကောက်က တက္ကသိုလ်သုံးခုရဲ့ ကျောင်းသားအဖွဲ့နဲ့ သမဂ္ဂ ၁၉ ခုက ပူးတွဲထုတ်ပြန်ပါတယ်။
အဲဒီလို ထိုင်းကျောင်းသားတွေ ရပ်တည်ပေးတာကို ကြိုဆိုထောက်ခံတယ်လို့ ချင်းမိုင်တက္ကသိုလ်၊ လူမှုရေးမဟာဌာနက အမည်မဖော်လိုတဲ့ မြန်မာကျောင်းသားတစ်ယောက်က RFA ပြောပါတယ်။
“ဒီဘက်မှာအခြေချ နေထိုင်ကျောင်းတက်နေတဲ့ ကျောင်းသားတော်တော်များများကတော့ အားပေးကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီထုတ်ပြန်ချက်တွေက ကျွန်တော်တို့ဘဝတွေ ပေးဆပ်ခဲ့ရတဲ့အချိန်တွေ သူတို့ဆုံးရှုံးခဲ့ရတဲ့ ပညာသင်ကြားခွင့်တွေကို အများကြီး တစ်ဖက်တစ်လမ်းကနေ ထိုင်းကျောင်းသားတွေဘက်ကနေပြန်ပြီးမှ (sympathstic) သနားငဲ့ညှာမှုပေါ့။ ပြီးသွားရင် သွေးစည်းညီညွတ်မှုတွေကို ပြသတာ ပြီးတော့ မြန်မာကျောင်းသားတွေအတွက် ရပ်တည်ပေးချင်တယ်ဆိုတာကိုလည်း တွေ့ရတယ်”
ဦးမင်းအောင်လှိုင်ကိုဖိတ်တာဟာ တရားဝင်မှုကိစ္စမဟုတ်ဘူးလို့ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့သူကို နိုင်ငံတော်အဆင့် ဖိတ်ကြားခဲ့ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ မှတ်တမ်းဆိုးအဖြစ်ကျန်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
“အခုမှ ဘယ်လိုတွေပဲ ပြောပြော ထိုင်းနိုင်ငံရဲ့ သမိုင်းမှာတော့ စစ်ရာဇဝတ်ကောင်ကို တခုတ်တရ ကြိုဆိုတယ် ဆိုတဲ့ သမိုင်းမှတ်တမ်းဆိုး ဝင်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒီအကြမ်းဖက် စစ်ခေါင်းဆောင် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာတွေ ဒါတွေကို လျစ်လျူရှုပြီး ဒီလိုလုပ်မယ်ဆိုရင် ဒါဟာ မြန်မာပြည်သူ လူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်သလို သွားရောက် တွေ့ဆုံတဲ့ နိုင်ငံ ခေါင်းဆောင်တွေ နောက်ပြီး အဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ့"
၂၀၂၁ အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ စစ်ခေါင်းဆောင် အဖြစ်နဲ့ ဦးမင်းအောင် လှိုင်က ပထမဆုံးအကြိမ်သွားခဲ့တဲ့အချိန်မှာလည်း ထိုင်းအရပ်ဘက်အဖွဲ့စည်းတွေနဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
