ဒီပဲယင်းမှာ ရေကြီးရေလျှံမှုကြောင့် ကောက်စိုက်သမ ၆ ဦး ရေစီးနဲ့မျောပါသေဆုံး

ချောင်းရိုးကျေးရွာကနေ ကောက်စိုက်ပြန်လာတဲ့ ကောက်စိုက်သမ ၁၀ ဦးဟာ ချောင်းကို ဖြတ်ကူးချိန် ရုတ်တရက် ရေတက်လာတာကြောင့် ၆ ဦး ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့ဟုဆို။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ကောက်စိုက်သမ ၆ ဦး ရေနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ ကောက်စိုက်သမ ၁၀ ဦးဟာ ချောင်းရိုးကျေးရွာကနေ ကောက်စိုက်ပြန်လာပြီး ချောင်းကို ဖြတ်ကူးချိန် ရုတ်တရက် ရေတက်လာတာကြောင့် အဲဒီထဲက ၆ ဦး ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်ရှိ သဖန်းဆိပ်ဆည်ဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး ဆည်ရေတွေကိုအဆက်မပြတ် လွှတ်ပေးနေသလို ရေတံခါးတွေကိုလည်း ဖွင့်ထားရတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဆည်အောက်ပိုင်း ဒေသတွေမှာ မိုးကြီးနေတာနဲ့အတူ ဆည်ရေတွေကြောင့် ရုတ်တရက် ရေကြီးရေလျှံနေတယ်လို့ ဆိုပါတယ်။

လတ်တလော မူးမြစ်ရေ မြင့်တက်လာသလို ချောင်းတွေပါ ရေကြီးရေလျှံနေတာကြောင့် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်မြို့နယ်တွေမှာရှိတဲ့ ချောင်းရိုးဘေး ကျေးရွာ ၅၀ ထက်မနည်း ရေကြီးရေလျှံနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်တပ်ခန့်အစိုးရကတော့ ဒီပဲယင်းမြို့နယ်တွင်း ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ လက်ရှိ မိုးဆက်တိုက် ရွာနေတာကြောင့် ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် စတဲ့ မြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ဆိုးရွားတဲ့ ရေဘေးဒဏ်ကို ကြုံရနိုင်တာကြောင့် ရေဘေးအန္တရာယ် အထူးသတိရှိကြဖို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူတွေက သတိပေးနေကြပါတယ်။