စစ်ခေါင်းဆောင်ဟောင်းရဲ့ ထိုင်းခရီးစဉ်စတင်

မြန်မာစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှုရရှိစေတဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ရပ်တန့်ဖို့ တောင်းဆိုကန့်ကွက်တာတွေရှိနေ။

စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဩဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိသွားပြီး အစိုးရဧည့်ဂေဟာမှာ ထိုင်းဝန်ကြီးချုပ်အနုတင်က ကြိုဆိုတာတွေ့ရပါတယ်။

အဲဒီနောက် ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲမှာ နားလည်မှုစာချွန်လွှာ လေးခု လက်မှတ် ရေးထိုးပြီးထုတ်ပြန်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှုရရှိစေတဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ရပ်တန့်ဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေရော ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့ကပါ တောင်းဆိုကန့်ကွက်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်ချက်ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန်ကျင်တဲ့ လုပ်ရပ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အဓိကအားဖြင့် ဒီလုပ်ရပ်ဟာ မြန်မာပြည်သူလူထုနဲ့ ဆန့်ကျင်နေတယ်ဆိုတာကိုတော့ အလေးအနက်ထားပြီး ပြောလိုပါတယ်။ တစ်နိုင်ငံလုံးအနှံ့မှာလည်း စစ်ပွဲတွေဖြစ်နေပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း စိုးမိုးထိန်းချုပ်နယ်မြေတွေ ရှိနေတဲ့အခြေအနေ ဖြစ်တယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ မင်းအောင်လှိုင်နဲ့ပဲ သဘာတူညီမှုတွေ စာချုပ်တွေချုပ်တယ်ဆိုတဲ့ ကိစ္စက တကယ့်လက်တွေကျတဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်"

ထိုင်း-မြန်မာအစိုးရ နှစ်ရပ်ကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အာကာသနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဖြတ်ကျော် မြစ်တွေရဲ့ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ်ကိုပါ လက်မှတ်‌ရေးထိုးခဲ့တယ်လို့ စစ်တပ်ခန့် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နယ်စပ်တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်း လိမ်လည်မှု နှိမ်နင်းရေးတွေအပြင် ဩဂုတ်လအတွင်းမှာကျင်းပမဲ့ ကိုးကြိမ်မြောက် ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နားလည်မှုစာချွန်လွှာထဲမှာ MOU အလုပ်သမားကိစ္စလည်းပါဝင်တာကြောင့် ထိုင်းရောက် မြန်မာတွေအတွက် အခွန်ကိစ္စတွေ ပိုကြုံလာရနိုင်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ကိုရဲမင်း က ပြောပါတယ်။

“ရပ်တန့်ထားတဲ့ MOU စနစ်ကို အသက်သွင်းပြီးတော့ ထိုင်းရောက်မြန်မာတွေထံကနေ ပုံစံမျိုးစုံနဲ့ပိုက်ဆံရဖို့အတွက် လာလုပ်တာ ဖြစ်တယ်။ ဒီ MOU စနစ်သည်လည်း အကြမ်းဖက်အုပ်စု မင်းအောင်လှိုင်အတွက် ပြည်ပ ဝင်ငွေရအောင် အခွန်တွေရအောင် အချက်အလက်တွေရအောင် ဆိုလိုတာက ထိုင်းရောက် မြန်မာနိုင်ငံသားတွေ လှုပ်လို့မရအောင် တင်းကျပ်သထက်တင်းကျပ်လာမဲ့ စီမံကိန်းတွေနဲ့ လာခဲ့တာဖြစ်တယ်”

ထိုင်းနိုင်ငံအတွင်းက နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Fair Party ရဲ့လွှတ်တော်အမတ် Kannavee Suebsang ကလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ သန်းနဲ့ချီတဲ့လူတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေကြုံခဲ့တာကြောင့် ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ထားပါတယ်။

သူ့ခရီးစဉ်မတိုင်ခင်ကတည်းက ဆန္ဒပြပွဲတွေမလုပ်နိုင်အောင် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတင်းကျပ်ထားသလို စစ်ဖက်ထောက်လှမ်းရေးတွေကလည်း ဆန္ဒပြပွဲလုပ်နိုင်တဲ့နေရာတွေမှာ စောင့်ကြည့်တာတွေ ရှိခဲ့တယ်လို့ ထိုင်းရောက်မြန်မာတွေကပြောပါတယ်။

အဲဒီလိုလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကပဲ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့နဲ့ အစိုးရအုပ်ချုပ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (OPDC)တို့မှာ ဆန္ဒပြပွဲကို ဘေးကင်းကင်းနဲ့ လုပ်နိုင်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ မြန်မာတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့ အကုန်လုံးမှာ တူညီတဲ့ခံစားချက်တွေရှိတယ်။ နာကြည်းချက်တွေရှိတယ်။ ဆိုတော့ ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ဆို ပိုပြီးဆိုးတာက ကျွန်တော်ဆို မျက်မြင်ကိုယ်တွေ့တွေ့ရတာ။ ဈေးအသက်သာဆုံး ရှာချင်ရင် မြန်မာလုပ်သားရှာဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဓိကဘာလဲဆိုတော့ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ မကောင်းလို့ပေါ့။ တစ်ဖက်နိုင်ငံသားတွေက ကိုယ်တွေနိုင်ငံ သားတွေကို နှိမ်ချင်တယ်။ မြန်မာဆိုတာနဲ့ အားလုံးက နှာခေါင်းရှုံတဲ့ပုံစံဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ ဒီဘက်နိုင်ငံကိုရောက်လာတဲ့ နိုင်ငံသားတွေအနေနဲ့ တော်တော်ကြီးကို မျက်နှာငယ်ရတယ်”

စစ်ခေါင်းဆောင်ဟောင်းရဲ့ ထိုင်းခရီးစဥ်ဟာ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်၊ နှစ်ရက်ကြာမှာဖြစ်ပြီး ဩဂုတ် ၇ ရက်နေ့ထပ်ဖြစ်လာမယ့်သတင်းတွေကို ဆက်ပြီး စုစည်း တင်ပြသွားပါမယ်။