စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ ရေကြီးလို့ လူ ၂၅ ဦး သေဆုံးပြီး ၈ဦး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ပါတယ်။
NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန စာရင်းတွေအရ နေ့စဉ် မိုးကြီးတာ၊ ဆည်ရေတွေ ဖောက်ချတာတွေကြောင့် လူဦးရေ လေးသိန်းခွဲကျော် ရေဘေးသင့်နေပါတယ်။
ပဋိပက္ခဒေသဖြစ်တဲ့ အညာမှာ ရေဘေးသင့်ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။
ဒီဒေသတွေကို အရေးပေါ်အကူအညီတွေမရောက်အောင်လည်း စစ်တပ်က တားမြစ်ပိတ်ပင်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ ခုမှာ လူဦးရေ နှစ်သိန်းကျော် (၂၂၇,၄၉၁ ဦး)၊ မန္တလေးတိုင်း မြို့နယ် ၃ ခုမှာ လူဦးရေ နှစ်သိန်းနီးပါး (၁၈၄,၁၁၈ ဦး)၊ ဧရာဝတီတိုင်း မြို့နယ် ၃ ခုမှာ လူဦးရေ လေးသောင်းကျော် (၄၀,၁၉၆ ဦး)နဲ့ မကွေးတိုင်းက မြို့နယ် ၁ ခုတို့မှာ လူဦးရေ ၉ဝဝ နီးပါး (၈၅၈ ဦး) ရေဘေးဒဏ်ခံနေရတယ်လို့ NUG က ထုတ်ပြန်ထားတာပါ။
အညာဒေသမှာ ရေဘေးကြောင့် စစ်ဘေးရှောင်စခန်းတွေ ရေမြုပ်တာ၊ ရေထဲမျောပါတာ၊ လမ်းတံတားတွေ ပျက်စီးတာအပြင် စိုက်ပျိုးမြေဧက သောင်းနဲ့ချီ ပျက်စီးနေတယ်လို့ NUG က ဆိုပါတယ်။
စစ်တပ်ခန့်အစိုးရကတော့ အညာဒေသ ရေကြီးတဲ့အခြေအနေကို သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
