ဂွမြို့ကို စစ်တပ်ဗုံးကြဲလို့ မိသားစုဝင် ရှစ်ဦး သေဆုံး

အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် မိသားစုဝင် ရှစ်ဦးနေရာမှာတင် သေဆုံးခဲ့ဟုဆို။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်နဲ့ကိုင်းခုံကျေးရွာကို ဩဂုတ်လ ၁၃ ရက် ည ၁၀ နာရီကျော်ကနေ ၁၁ နာရီကျော်အတွင်း စစ်တပ်က လေကြောင်းကနေ ဗုံး သုံးကြိမ်ကြဲခဲ့တာကြောင့် မိသားစုဝင်ရှစ်ဦး နေရာမှာတင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သလို နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့တစ်ရက်ထဲမှာပဲ ဂျက်တိုက်လေယာဉ်ပေါ်ကနေ ဗုံးသုံးလုံးကြဲချရာမှာ အမှတ်(၁)ရပ်ကွက်က မေတ္တာပေါင်းကူးလမ်းမပေါ်ကို တစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် မိသားစုဝင် ရှစ်ဦးနေရာမှာတင် သေဆုံးခဲ့သလို ကိုင်းခုံရွာဗုံးကြဲခံရမှုမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေကို ဩဂုတ်လ ၁၄ ရက် ဒီနေ့မှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ဂွမြို့ခံတစ်ဦးက ပြောပါတယ်။

“အကုန်လုံးကတစ်မိသားစုထဲကပဲ။ ငါးဦးပဲ အလောင်းကောင်းကောင်းပြန်ရတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့လူသုံးဦးက တစ်စစီလိုက်ကောက်ရတာ။ ဗုံးကြဲတာကလည်း တစ်လုံးနဲ့တစ်လုံး နာရီဝက်ပဲကြာတယ်။ ကျိန္တလီကိုကျ ည ၁၁ မှာကြဲပြီး ကိုင်းခုံရွာကျ ၁၁ ခွဲမှာကြဲတယ်။ ဒီကျိန္တလီဆိုတာက ဧရာဝတီ-ရခိုင်အစပ် AA ထိန်းချုပ်ထားတဲ့ ဒေသလည်းမဟုတ်ဘူး။ လတ်တလောမှာလည်း ဒီနေရာအနီးအနားမှာ တိုက်ပွဲမရှိနေဘူး။ ဒါကိုဘာလို့ကြဲလဲဆို အရပ်သားတွေကို တမင်ဦးတည်ကြဲတာပဲ။ ကျွန်တော်တို့တော့ ဒီလိုပဲ နားလည်တယ်”

စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုမှာ အသက် ခုနစ်နှစ်အရွယ် မောင်နေလင်းသန့်၊ အသက် ၁၂ နှစ်အရွယ် မောင်ဉာဏ်လင်းသန့်၊ အသက် ၂၆ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၃၅ နှစ်အရွယ် မောင်မင်းဝေခန့်၊ အသက် ၃၆နှစ်အရွယ် မဖြိုးဖြိုးကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်စန္ဒာထွန်း၊ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလင်းနဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်မိုးရွှေတို့ သေဆုံးခဲ့တာလို့ AA က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း သံတွဲမြို့နယ်ကို လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၆ ဦးသေဆုံးခဲ့သလို၊ ၁၈ ဦးဒဏ်ရာရခဲ့ပြီး၊ ဩဂုတ်လ ၁၂ ရက်မှာတော့ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က စစ်တပ်နဲ့အာရက္ခတပ်တော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ နေ့ညအချိန်မရွေး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အချိန်ပြည့်ဂရုစိုက်ကြဖို့လည်း AA က တိုက်တွန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဘက်က တစ်စုံတရာ ထုတ်ပြန်တာမျိုး မရှိသေးသလို ရခိုင်ပြည်နယ်ရဲ့စစ်တပ်ခန့်ပြောခွင့်ရသူ သယံဇာတနဲ့သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဩဂုတ်လ ၁၄ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၂၇၂ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။