မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဩဂုတ်လ ၁၃ နေ့က ထုတ်ပြန်လိုက်ပါတယ်။
BWU ရဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီး ၄ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။
အဲဒီထဲက ၂၄ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး နှစ်ဦးကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ BWU က ဆိုပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ အမျိုးသမီး ၈ ဦးစီ သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၅ ဦး၊ မန္တလေးတိုင်းမှာ ၂ ဦး၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင်လအတွင်း အမျိုးသမီး ၄၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၇ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခုနစ်ဦးနဲ့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူ တစ်ဦး ပါဝင်ပါတယ်။
BWU ရဲ့တာဝန်ရှိသူတစ်ဦးက “အမျိုးသမီးတွေရဲ့ ဘဝဟာ နေ့စဉ်လိုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ထိခိုက်ဆုံးရှုံးနေရတဲ့အပြင် ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့်ပါ အသက်တွေ ဆုံးရှုံးနေကြရတာပါ။ စစ်အုပ်စု ရာဇဝတ်မှုကျူးလွန်နေတာကလည်း အခုမှ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
နိုင်ငံတဝန်းမှာ မိုးကြီးရေလျှံနေတာကြောင့် ပြည်သူတွေ ရေဘေးဒဏ်ခံနေရတဲ့အချိန်မှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြောဆိုဝေဖန်နေကြပါတယ်။
BWU ရဲ့ အချက်အလက်တွေဟာ သတင်းမီဒီယာတွေကနေ အတည်ပြုစုဆောင်းထားတဲ့ အချက်အလက်တွေဖြစ်ပြီး၊ မှတ်တမ်းမတင်နိုင်သေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေသေးတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးသူအရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးကြီးမျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်းမှာလည်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၃၃၂ ဦး သေဆုံးပြီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုထားပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်တပ်ခန့်အစိုးရရဲ့ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အမျိုးသမီး နှစ်ထောင်ကျော် (၂,၂၆၅ ဦး) သေဆုံးခဲ့ပြီး၊ အမျိုးသမီး ခြောက်ထောင်ငါးရာကျော် (၆,၅၆၇ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ်လ ၁၄ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းမှာလည်းဖော်ပြထားပါတယ်။
