မြိုင်မြို့နယ်က ရေနံမှော်တချို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

အင်အား ၇၀၀ နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းက ကျောက်ခွက်ရေနံမှော်နဲ့ဝဲတူးရေနံမှော်ဒေသတွေကို ဝင်ရောက်ထိန်းချုပ်လိုက်တာဟုဆို။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ နှစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ ရေနံမှော်တွေကို စစ်တပ်က ဩဂုတ်လ ၁၄ ရက်နေ့မှာ သာလွန်အင်အားသုံးပြီး ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ဩဂုတ်လ ၁၆ ရက်မှာ အတည်ပြုပြောပါတယ်။

အင်အား ၇၀၀ နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ယာကြီးပြင်ရွာကို ဝင်ရောက်ပြီးနောက် အဲဒီကတဆင့် ရှေ့ပြေးစစ်ကြောင်းတွေက ကျောက်ခွက်ရေနံမှော်နဲ့ဝဲတူးရေနံမှော်ဒေသတို့ကို လေကြောင်းပစ်ကူ အကူအညီတွေနဲ့ ဝင်ရောက်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။

စစ်တပ်က မြိုင်မြို့နယ်အတွင်းကို နှစ်လကျာ်အကြာ လှည့်လည်စစ်ကြောင်းထိုးပြီး မြေပြင်နဲ့ လေကြောင်း ပူးပေါင်းတိုက်ခိုက်ပြီး ရေနံမှော်တွေကို ပြန်ထိန်းချုပ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“Y-12က ရှေ့ကနေ နယ်မြေရှင်းလင်းရေး အရင်လုပ်တယ်။ မြေပြင်စစ်ကြောင်းတွေကလည်း အဲဒီအကူအညီနဲ့ပဲ ဝင်သွားတာပါ။ ဒေသခံတွေကတော့ အရင်ရက်တွေကတည်းက ကြိုရှောင်ထားကြတော့ အားလုံးဘေးကင်းကြပါတယ်။ နောက်ချန်စစ်ကြောင်းကလည်း တောင်စုံရွာကနေ တက်လာပြီလို့ ကြားတယ်။ ရေနံမှော်တွေ ပြန်ပါသွားတာတော့ တော်လှန်ရေးမှာရော ဒေသခံတွေရဲ့စားဝတ်နေရေးတွေမှာရော အနည်းနဲ့အများတော့ ထိခိုက်မှုရှိပါတယ်။ ဒီနေ့(ဩဂုတ် ၁၆ရက်)တော့ လေကြောင်းသတင်း မကြားရဘူးဗျ။ သူတို့ရောက်သွားလို့နေမှာ”

ကျောက်ခွက်ရေနံမှော်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကတည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာ လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေကိုတော့ RFA က ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ မြိုင်မြို့နယ်ထဲက ရွာတချို့နဲ့ ရေနံမှော်တွေကို စစ်တပ်က ထိန်းချုပ်ထားပြီလို့ ရေးသားဖော်ပြနေကြပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေကြောင့် ရေနံမြေအလုပ်သမားတွေအပြင် ယာကြီးပြင်၊ မှန်ရင်း၊ ဆူးဝင်းစတဲ့ ကျေးရွာခုနစ်ရွာ ထက်မနည်းမှာနေထိုင်တဲ့ ဒေသခံနှစ်ထောင်လောက် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းထိုးနေတဲ့ နှစ်လအတွင်းမှာ လူပေါင်း ၄၀ကျော် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း လေးရာလောက် မီးရှို့ဖျက်ဆီးခံထားရတာကြောင့် လူပေါင်း တစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ မြေပြင်မှာ ကူညီနေသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးသလို မကွေးတိုင်းပြောခွင့်ရသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။