ငွေမပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီထောင်မှာ အလုပ်ကြမ်းတွေခိုင်းနေ

ငွေမပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နေရာထိုင်ခင်းပိုင်းမှာလည်း ခွဲခြားထားဟုပြော။

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကို တောင်ငူအကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် တခြားအကျဉ်းသားတွေဆီကနေ ထောင်အရာရှိတွေနဲ့ သူတို့လက်ဝေခံ ရာဇဝတ်သားတွေက တစ်ယောက်ကို ငွေကျပ် သုံးသိန်းစီ တောင်းခံသလို၊ မပေးနိုင်တဲ့သူတွေကို တစ်နေကုန် နေပူထဲမှာ တောင်ယာလုပ်ငန်းတွေနဲ့ မိလ္လာပုံးသယ်ယူရှင်းလင်းတဲ့ အလုပ်တွေ ခိုင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က RFA ကို ပြောပါတယ်။

ဩဂုတ်လ ဒုတိယပတ်ကစပြီး သာယာဝတီအကျဉ်းထောင်ကို တောင်ငူအကျဉ်းထောင်ကနေ ပြောင်းလာတဲ့သူတွေကို အကျဉ်းထောင်အတွင်း အနေအစားအဆင်ပြေစေဖို့နဲ့ ပိုမိုချောမွေ့တဲ့ အလုပ်တွေ လုပ်ကိုင်ခွင့်ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်တွင်းအခေါ် “ဘောင်ချာ” ဆိုပြီး တစ်ဦးကို ကျပ် သုံးသိန်းစီ တောင်းနေတာလို့ PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကို ပြောပါတယ်။

“ဘောင်ချာကြေး မပေးတဲ့သူတွေကို တစ်နေကုန် ပင်ပန်းတဲ့၊ နေပူထဲမှာ အလုပ်လုပ်ရတဲ့ တောင်ယာလုပ်ငန်းတွေကို လုပ်ခိုင်းတယ်။ ပြီးရင် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနိုင်တဲ့၊ ထိခိုက်စေနိုင်တဲ့ အိမ်သာနဲ့ပတ်သက်တဲ့ အလုပ်တွေကို ခိုင်းပါတယ်”

ငွေမပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နေရာထိုင်ခင်းပိုင်းမှာလည်း ခွဲခြားထားသလို ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် မဆက်ဆံတာတွေလည်းရှိတယ်လို့ PPNM က ပြောပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ အခုလို ကျပ်သုံးသိန်း တောင်းခံမှုကို အကျဉ်းဦးစီးဌာနက ဦးစီးအရာရှိ ပြည့်ဖြိုးအောင်နဲ့ ဦးစီးအရာရှိ သန်းဝင်းတို့က အဓိကတာဝန်ယူပြီး ဖိအားပေး တောင်းခံနေတာလို့ PPNM ကပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ပဲခူးတိုင်း အတွင်းရေးမှူး ဦးခင်မောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ငွေကြေးပေးဆောင်သူတွေနဲ့ မပေးနိုင်သူတွေကြား ခွဲခြားဆက်ဆံမှုတွေ ရှိနေပြီး ငွေပေးထားသူတွေကို အလုပ်ကြမ်း မခိုင်းဘဲ ငွေမပေးနိုင်သူတွေကိုသာ အလုပ်ကြမ်း ခိုင်းစေနေတယ်လို့ ဆိုပါတယ်။

အခုလို ငွေကြေးတောင်းခံတာဟာ အကျဉ်းထောင်စည်းကမ်း၊ အကျဉ်းထောင်ဥပဒေတွေနဲ့ မကိုက်ညီသလို သာယာဝတီအကျဉ်းထောင်အပြင် အခြားအကျဉ်းထောင်တွေမှာလည်း ကျပ်သုံးသိန်းကနေ ငါးသိန်းကြားအထိ တောင်းခံတာတွေ ရှိတယ်လို့ PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောပါတယ်။

ဒါ့အပြင် ငွေကြေးမပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နေရာထိုင်ခင်းပိုင်းမှာလည်း ခွဲခြားထားသလို ထောင်ဝန်ထမ်းတွေက ကောင်းမွန်စွာ မဆက်ဆံတာတွေလည်း သိသိသာသာရှိတယ်လို့ PPNM က ပြောပါတယ်။

PPNM ကတော့ နိုင်ငံရေးအကျဉ်းသားတွေဆီက အာဏာကိုအသုံးပြုပြီး ငွေကြေးတောင်းခံတာနဲ့ ငွေမပေးနိုင်သူတွေကို အလုပ်ကြမ်းတွေနဲ့ ဖိအားပေးခိုင်းစေတာဟာ အကျဉ်းသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြောဆိုချက်အရ သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေ အပေါ် ပစ်မှတ်ထားနှိပ်ကွပ်လေ့ရှိတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင် ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၃၁,၇၇၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၂,၅၇၅ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။