မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာရှိတဲ့ ဧရာ၀တီမြစ်ဘေးက ရွာတွေကို စစ်တပ်က ရေကြောင်းကတဆင့် စီးနင်း မီးရှို့တာတွေရှိသလို ဒရုန်းနဲ့တိုက်ခိုက်တာတွေကြောင့်လည်း သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဩဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ သင်္ဘောပေါ်က စစ်သားတွေက စစ်လှေငယ်တွေနဲ့ အေးကျွန်းရွာကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး ရွာကနေအိမ်တချို့ကို မီးရှို့ခဲ့သလို အရပ်သားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်ရှိကတော့ သုံးလေးရက်အတွင်းမှာ လေကြောင်းရော၊ ရေကြောင်းရော၊ လက်နက်ကြီးရော နေ့ညမပြတ် တိုက်ခိုက်နေတာ ရှိတယ်ဗျ။ ဩဂုတ် ၁၅ရက်က မီးရှို့သွားတဲ့ အေးကျွန်းရွာမှာဆိုရင် ပြည်သူတချို့မိသွားတာရှိတယ်။ ဒါပေမဲ့ အရေအတွက်ဘယ်လောက်မိတယ်၊ နေအိမ်ဘယ်လောက် မီးရှို့ခံရတယ်ဆိုတဲ့ အသေးစိတ်ကိုမသိရသေးဘူး ဘာကြောင့်လဲဆိုရင် စစ်တပ်က အဲဒီတစ်၀ိုက်မှာရှိနေသေးတော့ ပြန်ကပ်လို့ မရသေးဘူး”
စဉ့်ကူးမြို့နယ်ထဲက ဆင်သေ၊ ရွှေဘယက်၊ ပေါက်ကုန်း၊ ကျွန်းဦးနဲ့ လက်ပံဇင်ရွာတွေကို စစ်တပ်က ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၆ ရက်အထိ ငါးရက်အတွင်း ဒရုန်းနဲ့ အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံး ၅၀ ခန့် ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ရွှေဘယက်ရွာထဲကို ဒရုန်းနဲ့ ဗုံးသီး သုံးလုံးကြဲချပြီးတိုက်ခိုက်ခဲ့လို့ အသက် ၆၄ နှစ်အရွယ် ဒေသခံ ဦးတင်ထွန်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ကလည်းလည်း ဆင်သေရွာကို ဒရုန်းနဲ့ တိုက်ခိုက်လို့ အသက် ၆၀ အရွယ် ဒေါ်ဝင်းမော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးတာအပြင် လယ်ယာသုံးခိုင်းနွားတချို့ ဗုံးသီးစထိမှန် သေဆုံးသလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စဉ့်ကူးမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ မတ္တရာမြို့နယ်မှာလည်း မန္တလေးမြို့ကနေ တက်လာတဲ့ စစ်ရေယာဉ်အုပ်စုက ဧရာ၀တီမြစ်ဘေးက ရွာတချို့ကို ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စဉ့်ကူးမြို့နယ်ထဲက ဇီးကျွန်း၊ ကြက်တူရွေး၊ ပေါက်ကုန်း၊ လက်ပံဇင်၊ ရွှေဘယက်၊ သဲအင်းနဲ့ မတ္တရာမြို့နယ်ထဲက အေးကျွန်း၊ မိုးကြိုး၊ ရွာတန်းရှည်၊ သဲကျွန်းနဲ့ ဒေါင်းကျွန်း အစရှိတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ထဲက ဧရာ၀တီမြစ်ဘေးတလျှောက် ရွာတွေ တိုက်ခိုက်ခံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ လက်လှမ်းမမှီနိုင်အောင် စစ်တပ်ရောက်နေတဲ့နေရာနဲ့ ငါးမိုင်အကွာလောက်အထိ တိမ်းရှောင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးချဖို့၊ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးနှိုးဆော်ထားပါတယ်။
