တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာကို ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ပစ်ခတ်လိုက်တဲ့ (၁၅၀-မမ) လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် သားအဖ နှစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကျောက်ဆင်ရွာဒေသခံ အသက် ၆၉ နှစ်အရွယ် ဦးသန်းအောင်နဲ့ သားဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကိုပြည့်အောင်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ကျောက်ဆင်ရွာမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ လောင်းလုံးမြို့ပေါ် အခြေစိုက် ခလရ-၁၀၄ တပ်ရင်းကပစ်လိုက်တဲ့ လက်နက်ကြီးနှစ်လုံးကျရောက် ပေါက်ကွဲတာကြောင့် မိသားစုလိုက် ဒဏ်ရာရပြီး သေဆုံးရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံမြို့ခံတစ်ဦးက ပြောပါတယ်။
“သေဆုံးသွားတဲ့ သားအဖနှစ်ဦးလုံးကို ဒီနေ့(ဩဂုတ် ၁၈ ရက်)ပဲ သင်္ဂြိုဟ်လိုက်တယ်။ သူတို့နှစ်ယောက်က မီးဖိုချောင်မှာ ရှိနေတုန်း တစ်လုံးတည့်တည့်ကျတာ။ နောက်တစ်လုံးကကျ သူတို့အိမ်အနောက်ကို ကျတာပါ။ မြေပြင်မှာတော့ ကျောက်ဆင်ရွာပတ်ပတ်လည်မှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတာမရှိဘူးဗျ”
ကျောက်ဆင်ရွာက ဒေသခံအများစု ဘေးလွတ်ရာနေရာတွေကို ယာယီပြောင်းရွှေ့နေထိုင်နေကြပြီး အိမ်စောင့်အဖြစ် အမျိုးသားတွေသာ ကျန်နေခဲ့တယ်လို့ သူက ဆိုပါတယ်။
ဩဂုတ်လ ၁၆ ရက်ကလည်း လောင်းလုံးမြို့နယ်၊ ဂေါအင်းရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံတွေရဲ့ ဆန်၊ဆီ၊ကြက်သွန်စတဲ့ အခြေခံရိက္ခာတွေကို ယူဆောင်သွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရွာခံအမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
