စစ်ကိုင်းတိုင်း ဒေသတချို့ ရေပြန်ကျပေမဲ့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မှာ ရေနစ်မြုပ်နေ

ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တွေမှာ ရေပြန်ကျလာပေမယ့် မြေနိမ့်ပိုင်းနေရာတချို့မှာ ရေကျန်နေဆဲ။

စစ်ကိုင်းတိုင်းက ရေဘေးသင့်မြို့နယ်တချို့မှာ ရေပြန်ကျသွားပေမယ့် မြေနိမ့်ပိုင်းနေရာတွေအပြင် စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာတော့ ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ စစ်ကိုင်းရေဘေး အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရှင်းသန့်က RFA ကို ဩဂုတ်လ ၁၈ ရက်ညမှာ ပြောပါတယ်။

လက်ရှိမှာ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တွေမှာ ရေပြန်ကျလာပေမယ့် မြေနိမ့်ပိုင်းနေရာတချို့မှာ ရေကျန်နေဆဲပဲလို့ ကိုရှင်းသန့်က RFA ကို ပြောပါတယ်။

“စစ်ကိုင်း၊ မြင်းမူ၊ မြောင်ကတော့ ရေမကျသေးဘူး။ ရေတွေဝင်နေဆဲ၊ မြုပ်နေဆဲပါပဲ။ ကျန်တဲ့ ရေကျသွားတဲ့မြို့နယ်က ရွာတွေမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ပြင်ဆင်နေတာရှိပါတယ်။ ဒါပေမဲ့ တဲအိမ်တွေပြိုသွားတာ၊ စစ်ရှောင်စခန်းတွေပြိုသွားတာကတော့ တော်တော်လေး ခက်ခဲဦးမယ့်အနေအထား ဖြစ်ပါတယ်”

ရေကျပြီးတဲ့နောက်မှာ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအခက်အခဲရှိနေပြီး ပြည်သူတွေရဲ့ ကူညီပူး ပေါင်းမှု လိုအပ်နေတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။

ခင်ဦးမြို့နယ်မှာလည်း မူးမြစ်ရေပြန်ကျလာပေမယ့် အင်း၊ အိုင်နဲ့ မြောင်းအနီး မြေနိမ့်ပိုင်းကျေးရွာတချို့မှာ ရေမကျသေးတာကြောင့် ရေဘေးရှောင်မိသားစုတချို့ နေအိမ်မပြန်နိုင်သေးဘူးလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေဟာ လမ်းဘေးမှာ ချက်ပြုတ်စားသောက်နေရသလို သောက်သုံးရေမသန့်ရှင်းတာကြောင့် ကလေးတချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး လူကြီးတချို့လည်း အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Women for Justice (WJ) အဖွဲ့က ကောက်ယူထားတဲ့ စာရင်းအရ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် ဩဂုတ်လ ၁၈ ရက်အထိ အနည်းဆုံး ၂၆ ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ RFA ကို ပြောထားပါတယ်။

ရေဘေးကြုံနေရတဲ့ ဒေသခံတွေဟာ ရေဘေးရှောင်နေချိန်မှာလည်း စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကိုပါ ကြုံနေရပါတယ်။

ဩဂုတ်လ ၁၇ ရက်က အရာတော်မြို့နယ် မူးမြစ်ဘေးက ရေဘေးကြုံနေရတဲ့ ကောင်းသစ်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၈ ရက်မှာလည်း ဝက်လက်နဲ့ မတ္တရာမြို့နယ်အစပ် ဧရာဝတီမြစ်ဘေးက ရေမြုပ်နေတဲ့ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေါင်းကျွန်းရွာက အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စစ်ကိုင်းတိုင်း စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဩဂုတ် ၁၂ ရက်နေ့အထိစာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၄ ခုမှာ လူဦးရေ နှစ်သိန်းကျော် (၂၂၇,၄၉၁ ဦး) ရေဘေးဒုက္ခကြုံနေရပါတယ်။