ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန်ကာလအတွင်း KNU နယ်မြေမှာ အရပ်သား ၄၄ ဦး သေဆုံး

ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တဲ့ ဧပြီလ ၂၀ ကနေ ဇူလိုင်လ ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ဟုဆို။

စစ်တပ်အသွင်ပြောင်းအစိုးရ ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့ကာလအတွင်း ကရင်အမျိုးသားအစည်းရုံး (KNU) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၄ ဦးသေဆုံးပြီး နောက်ထပ် ၁၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဩဂုတ်လ ၁၉ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော် လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမဲ့ ဒီကမ်းလှမ်းမှုက သဘောထားမမှန်တဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

“နိုင်ငံအပေါ် ပြည်သူတွေအပေါ် စိတ်ရင်းသဘောထားမမှန်တဲ့ လူတွေရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကတော့ ကျွန်တော်တို့ ဘယ်လိုမှသွားရောက်ဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး။ စိတ်ရင်း စေတနာသာ မှန်ခဲ့ရင် ငြိမ်းချမ်းရေးကို အခုလိုအကြိမ်ပေါင်းများစွာ ဖိတ်ခေါ်နေစရာတောင်မရှိဘူး”

စစ်တပ်ခန့် အစိုးရသမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တဲ့ ဧပြီလ ၂၀ ကနေ ဇူလိုင်လ ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တယ်လို့လည်း KNU လူ့အခွင့်အရေးကော်မတီနဲ့ သုတေသနလုပ်ငန်းကော်မတီတို့ ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

ဒီလိုငြိမ်းချမ်းရေးကမ်းလှမ်းထားတဲ့ ကာလအတွင်း စစ်တပ်က KNU ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ၂၂၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၂၉ ကြိမ်၊ ဒရုန်းနဲ့ပစ်ခတ်မှုက ၁၀၃ ကြိမ် နဲ့ မီးရှို့ဖျက်ဆီးမှု ၁၂ ကြိမ်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် KNU နဲ့ စစ်တပ်အကြား တိုက်ပွဲပေါင်း ၅၃၆ ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဟာ ဂျက်တိုက်လေယာဉ်၊ ဘက်စုံသုံး Y-12 ၊ Y-8 လေယာဉ်တွေအပြင် ဘက်စုံသုံးရဟတ်ယာဉ် Eurocopter ၊ Gyrocopter နဲ့ စစ်တပ်လေထီး Paramotor တွေပါ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၃၆၈ လုံးပျက်စီးတဲ့အပြင် ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်ဆိုင်ရာလေယာဉ်၊ လေယာဉ် လောင်စာဆီ ကန့်သတ်ချက်တွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လက်နက်နဲ့ လေကြောင်းကုန်သွယ်မှုကန့်သတ်ဖို့၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သား အဆောက်အအုံတွေကို စစ်တပ်က တိုက်ခိုက်နေတာကို ရပ်တန့်ရေး တောင်းဆိုဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို KNU က တိုက်တွန်းထားပါတယ်။

KNU ဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းတွေအတွင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားပါတယ်။