ရေစကြိုမှာ အောက်တိုဘာလအတွင်း နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်သားတွေကြောင့် နေအိမ်အလုံးပေါင်း ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။

“စိုင်သေမှာ ၄၂ လုံး၊ နွေမလှ ၅၃ လုံး၊ သံပြားချောင်းက ၇၅ လုံး၊ ခံစပ်တော ၆၃ လုံး၊ တောင်ဦးက ကိုးလုံးပေါ့။ ရွာတွေ အားလုံးပေါင်းရင် ၂၅၀ ကျော် ပါသွားတယ်။ တိုက်ပွဲမရှိဘဲ ဒီအတိုင်းဝင်ရှို့တာ။ ပြီးမှတချို့နေရာတွေမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့လည်း ထပ်ရှို့သေးတယ်။ အခု အနောက်ဘက်ကို ဝင်သွားတဲ့ မီးရှို့တဲ့ စစ်ကြောင်းကတော့ ပြန်ထွက်သွားပြီ”

ရွာတွေကို စစ်ကြောင်းတွေ ဝင်ရောက်ခါနီး ဖုန်းလိုင်းတွေပါ ဖြတ်တောက်ပြီး ရုတ်တရက် ဝင်ရောက်တာဖြစ်လို့ ဘာပစ္စည်းမှမယူနိုင်ဘဲ သက်ကြီးရွယ်အိုတွေကို ထမ်းပိုးပြီး ထွက်ပြေးခဲ့ရတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

သံပြာချောင်းရွာဟာ လူဦးရေနှစ်ထောင်ခန့်ရှိသလို အခြားရွာတွေကတော့ တစ်ရွာကို လူဦးရေငါးရာကျော်ကနေ တစ်ထောင်အထိရှိပြီး အဲဒီရွာတွေမှာ NUG ရဲ့ စာသင်ကျောင်း ဖွင့်တာနဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စိုင်သေရွာက စာသင်ကျောင်းခုံတွေကို ရိုက်ချိုးဖျက်ဆီး သွားသလို အဲဒီမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာသင်ကျောင်းဖွင့်တာကြောင့် မီးရှို့ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

စိုင်သေရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က NUG ရဲ့ စာသင်ကျောင်း ဖွင့်လှစ်ခဲ့ သလို သံပြာချောင်းရွာမှာလည်း ကျောင်းဖွင့်ဖို့ဆိုပြီး အောက်တိုဘာလ ၂၈ ရက်နေ့က ကျောင်းအပ်လက်ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ အခုလို မီးရှို့ခံရတဲ့ ကိစ္စတွေ ပိုများလာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီး မှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီး ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ မကွေးတိုင်းက ၅,၄၁၈ လုံးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar က သတင်းထုတ်ပြန်ထား ပါတယ်။